ထားဝယ်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ် နှစ်ဆောင် ပျက်စီးကြောင်း မြို့ခံများနှင့် ပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။
ထားဝယ်မြို့၊ ရေလမ်း၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်တွင် နှစ်ထပ်ပျဉ်ထောင်အိမ် အပေါ်ထပ်တွင် ဝါယာရှော့ ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“အဲဒီအိမ်မှာက သီဟိုဋ္ဌ်စေ့ ခြစ်တယ်။ မီးပျက်ပြီး မီးပြန်လာတာနဲ့ အိမ်အပေါ်ထပ်အခန်းကနေ လျှစ်စစ်ရှော့ဖြစ်ပြီး မီးစလောင်တာ” ဟု ၎င်းက ပြောဆိုသည်။
မီးလောင်မှုကြောင့် ခြံဝင်းတစ်ခုတည်းအတွင်းရှိသော နှစ်ထပ်ပျဉ်ထောင်အိမ်တစ်ဆောင်နှင့် တစ်ထပ်ပျဉ်ထောင်အိမ် တစ်ဆောင်တို့ မီးလောင်ပျက်စီးပြီး လူထိခိုက်မှု မရှိကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။











“အိမ်အပေါ်ထပ်မှာ ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ မီးလောင် လောင်ချင်း သူ့ကို အဲဒီအနားက ရပ်ကွယ်သူ ရပ်ကွက်သားတွေ ဝိုင်းပြီးရွှေ့ပြောင်းပေးထားလို့ ဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါမီးလောင်မှုကို ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ၊ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့နှင့် မြို့ခံပရဟိတအသင်းအဖွဲများ၊ ဒေသခံများ ပူးပေါင်းပါဝင် မီးငြှိမ်း သတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးငြိမ်းကြောင်း မြို့ခံများနှင့် ပရဟိတလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။






