ကော့သောင်းမြို့ခံ အသက် ၁၂၁နှစ်အရွယ် အဘွားတစ်ဦးအား ယခု ၂၀၂၅ခုနှစ်အတွက် မြန်မာ့အသက်အကြီးဆုံး အဘွားအဖြစ် ရွေးချယ်ဂုဏ်ပြုခံရကြောင်း မြို့ခံများထံမှ သိရသည်။
ရွေးချယ်ဂုဏ်ပြုခံရသည့်အဘွားသည် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းတွင်နေထိုင်သည့် အဘွား ဒေါ်ပန်းနွယ်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
အဘွားနှင့်အတူ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ အသက် ၁၂၁ နှစ်အရွယ် အဘိုး ဦးသိန်းအောင်လည်း ပူးတွဲကာ ယခုနှစ် အသက်အကြီးဆုံးအဖိုးအဖြစ် ရွေးချယ်ခံရကြောင်း ဖော်ပြသည်။
ရွေးချယ်ခံရသူတစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီကို အောက်တိုဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။
အာဏာ မသိမ်းမီကတည်းက လူမှုဝန်ထမ်းဦးစီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဖြစ် သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန် နှစ်စဥ် အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့ကို ရွေးချယ်ချီးမြှင့်လေ့ရှိသည်။
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ စာရင်းနှင့် အသက် ၈၅ နှစ်အထက် လူမှုရေးပင်စင်ရရှိနေသော အဘိုး၊ အဘွားများ၏ စာရင်းထဲမှ နှစ်တစ်နှစ်၏ အသက်အကြီးဆုံး အဘိုး၊ အဘွားအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းသတင်းဌာနတစ်ခုသို့ ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ၇၁ ရာခိုင်နှုန်းသည် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ ဝင်ငွေနည်းပါးခြင်း၊ ဘေးအန္တရာယ်ကျရောက်ခြင်း၊ အထီးကျန်ဆန်ခြင်းတို့ကို ခံစားနေရကြောင်း ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂလူသားချင်းစာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံမှ သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်ဆိုင်ရာ အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။







