BREAKING
October 29, 2025

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှု ပြန်စ

October 29, 2025

ပုံစာ - အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် တွေ့ရသည့် ပေါက်ကွဲမှု မြင်ကွင်း။ ဓာတ်ပုံ - BBC

အစ္စရေးက ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ အောက်တိုဘာလ ၂၈ ရက်နေ့က ပြန်လည်စတင်လိုက်သည်။

ယင်းမှာ အမေရိကန် ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခုအောက်တိုဘာလအတွင်း ပေါ်ပေါက်လာသည့် အစ္စရေး-ဟားမတ်စ် အပစ်ရပ်သဘောတူညီချက်အပေါ်  ယခု နောက်ဆုံးထွက်ပေါ်လာသည့် စမ်းသပ်ချက်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်ဘက်က ချိုးဖောက်ခဲ့ကြောင်း အစ္စရေးက စွပ်စွဲပြီးနောက် အဆိုပါ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရ‌ကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

ဂါဇာကို ‘ပြင်းထန်သော’ တိုက်ခိုက်မှုများ ချက်ချင်းစတင်ရန် စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟု၏ ရုံးက ထုတ်ပြန်ထားသော်လည်း အစ္စရေးစစ်တပ်က တစ်စုံတရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုအကြောင်း အစ္စရေးက အမေရိကန်ကို ကြိုတင်အကြောင်းကြားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကြောင်း တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန်စွပ်စွဲလျက် ရှိသည်။

သို့သော် အပစ်ရပ်သဘောတူညီချက်မှာ မပျက်စီးသေးကြောင်း အမေရိကန်ဒုသမ္မတဂျေဒီဗန်းစ်က ပြောသည်။

အင်္ဂါနေ့တွင် ဟားမတ်စ်အဖွဲ့က ဂါဇာရှိ အစ္စရေးစစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြီး ဟားမတ်စ်အဖွဲ့က ငြင်းဆန်သည်။

ဟားမတ်စ်၏ အဆိုပါ တိုက်ခိုက်မှုအပေါ်  သာလွန်အင်အားဖြင့် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ဆိုသည်။

တနင်္လာနေ့က အစ္စရေးထံ ဟားမတ်စ်အဖွဲ့က လွှဲပြောင်းပေးခဲ့သည့် ခေါင်းတလားထဲ၌ သေဆုံးဓားစာခံ၏ ရုပ်အလောင်းမပါဝင်ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂါဇာကမ်းမြှောင်ဒေသအတွင်း ရုပ်အလောင်းများ ရှာဖွေရေး ကြိုးပမ်းမှုများကို အစ္စရေးက အနှောင့်အယှက်ပေးနေသည်ဟု ဟားမတ်စ်ဘက်က စွပ်စွဲသည်။

နောက်ထပ်သေဆုံးဓားစာခံတစ်ဦးကို အစ္စရေးဘက် လွှဲပြောင်းပေးရန် ရွှေ့ဆိုင်းကြောင်းလည်း ဟားမတ်စ်ဘက်က ထုတ်ပြန်ထားသည်။

Source: BBC ၊ CNN ၊ Reuters