BREAKING
October 19, 2025

ထားဝယ်တွင် App ဖြင့် သုံးဘီးငှားနိုင်သည့်စနစ် စတင်စမ်းသပ်

September 29, 2025

ဓာတ်ပုံ - Driver Taxi Team.

ထားဝယ်မြို့ တွင် Driver Team Taxi အမည်ရှိ Application အသုံးပြု၍ သုံးဘီးငှားနိုင်သည့် စနစ်တစ်ခုကို စတင် စမ်းသပ်နေကြောင်း အဆိုပါ Application ကို ပြုလုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

Driver Team Taxi Application ကို ပြီးခဲ့သည် သြဂုတ်လနှောင်းပိုင်းက စတင်စမ်းသပ်နေပြီး ယခုစက်တင်ဘာလအထိ တစ်လတာအတွင်း ခရီးစဥ်ပေါင်း ၁၃၀ ကျော်ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ထားဝယ်မြို့ ဧရိယာအတွင်းသွားလာရန်ခေါ်ယူနိုင်ပြီး ယင်း Application တွင် စာရင်းသွင်းထားသည့် သုံးဘီး ဆယ်စင်းကျော်ဖြင့် လည်ပတ်နေသည်ဟု အထက်ပါလုပ်ငန်းရှင်ကပြောပြသည်။

” ကိုယ်တစ်ယောက်နဲ့ လည်ပတ်နေတာ အလုပ်ပိလာတော့၊ နည်းပညာတတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး Application တစ်ခုဖန်တီးလိုက်တယ်။ အခုကတော့ စမ်းသပ်ကာလထဲမှာပဲရှိသေးတယ်” ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။

Application တွင် စာရင်းသွင်းထားသည့် သုံးဘီးများကို ခေါ်ယူပါက တစ်ကီလိုမီတာ လျှင် တစ်ထောင့်ငါးရာကျပ်နှုန်းဖြင့် ခရီးအကွာအဝေးအလိုက် ကျသင့်ငွေ ပေးရကြောင်း Driver Team Taxi ထံမှသိရသည်။

” အိမ်ကနေပြီတော့ ခေါ်လိုက်လို့ရတယ်။ ပြီးတော့ စတဲ့ နေရာ နဲ့ သွားမယ့်နေရာကို အကွာအဝေးခန့်မှန်းတွက်ပေးပြီး ကုန်ကျငွေ ပြပေးတယ်။ ယာဥ်မောင်း ရော၊ ခရီးသည်ရောမှာ သွားနေတဲ့ အကွာအဝေး(ကီလိုမီတာ)ကို application မှာပြပေးထားမယ် “ ဟုအထက်ပါလုပ်ငန်းရှင်က ပြောသည်။

Driver Team Taxi သည် ၂၀၂၄ ခုနှစ်က သုံးဘီးယာဥ်အသင်းဖြင့် စတင်ခဲ့ပြီး ယခုနှစ် သြဂုတ်လတွင် Application အဖြစ်စတင်မိတ်ဆက်ခြင်းဖြစ်သည်။ ယင်း Application ကို Google Playstore တွင်အလွယ်တကူ Download ရယူနိုင်သည်။

အခြား အလွတ်တန်းသုံးဘီးများနှင့် ကွာခြားချက်မှာ ကျသင့်ငွေကို ကြိုသိ၍ ချိန်ဆ၍ရခြင်းနှင့် နေအိမ် မှ Application ဖြင့် အလွယ်တကူခေါ်ယူနိုင်သည့်အားသာချက်ရှိကြောင်း ယင်း Application အသုံးပြုဖူးသူ မြို့ခံ အမျိုးသမီး တစ်ဦးကပြောသည်။

ယခင်က Application ဖြင့် အငှားယာဥ်ခေါ်သည့်စနစ် ထားဝယ်တွင် မရှိခဲ့သဖြင့် Driver Team Taxi Application သည် ထားဝယ်တွင် Application ဖြင့် အငှားယာဥ်ခေါ်နိုင်သည့် ပထမဆုံးစနစ်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့သည် ဆိုင်ကယ်စီးသူများပြားသည့် မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် ထားဝယ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခွင့်မရတော့သဖြင့် သွားလာရေးအတွက် ရပ်ကွက်အကွက်အလိုက် အသင်းဝင် ဆိုင်ကယ် တက္ကစီများနှင့် သုံးဘီးယာဥ်များကို ပိုမိုအားထား အသုံးပြုနေရကြောင်း မြို့ခံများထံသိရသည်။