BREAKING
October 19, 2025

ဟောင်ကောင်တက်ကြွလှုပ်ရှားသူတစ်ဦးအား စင်္ကာပူပြည်ဝင်ခွင့် မပေး

September 29, 2025

ပုံစာ - ဟောင်ကောင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Nathan Law

ပြည်ပရောက် ဟောင်ကောင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို စင်္ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့် ငြင်းပယ်လိုက်ကြောင်း စင်္ကာပူအစိုးရက ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံအတွင်း အဆိုပါ ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ရှိနေခြင်းက စင်္ကာပူ၏ အမျိုးသားအကျိုးစီးပွားနှင့် မကိုက်ညီသောကြောင့် ယင်းသို့ ငြင်းပယ်ခြင်းဖြစ်သည်ဟု စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ဟောင်ကောင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Nathan Law သည် အမေရိကန်နိုင်ငံ ၊ ဆန်ဖရစ္စကိုမြို့မှ စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စနေနေ့က ဆိုက်ရောက်လာခြင်း ဖြစ်သည်။

လေဆိပ်တွင် ၎င်းအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင် စင်္ကာပူပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရကာ ဆန်ဖရစ္စကိုသို့ အစောဆုံး လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်လိုက်ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အမျိုးသားလုံခြုံရေးဥပဒေအရ Nathan Law အား ဖမ်းဆီးရန် ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

“စင်္ကာပူနိုင်ငံထဲကို Law ဝင်ရောက်လာတာက စင်္ကာပူရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီမှာမဟုတ်ပါ” ဟု ဝန်ကြီးဌာနက ဆိုသည်။

စင်္ကာပူဗီဇာကိုင်ဆောင်ထားသူ ဖြစ်သော်လည်း စင်္ကာပူနိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အခါ ထပ်မံစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး ယခုဖြစ်ရပ်တွင်လည်း ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။

၎င်းအား ဖိတ်ကြားထားသည့် တံခါးပိတ်အစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် စင်္ကာပူသို့ လာရောက်ခြင်း ဖြစ်သည်ဟု Nathan Law က ဆိုသည်။

သို့သော် စင်္ကာပူ လာရောက်မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်များကို ၎င်းက ထပ်မံရှင်းလင်းပြောဆိုခဲ့ခြင်း မရှိပေ။

လက်ရှိတွင် လန်ဒန်မြို့၌ နေထိုင်လျက်ရှိသည့် Nathan Law သည် ၂၀၂၀ ခုနှစ်တွင် ဟောင်ကောင်မှ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

Source: CNA

ဓာတ်ပုံ – AFP