ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂါဇာအပစ်ရပ်ရေး ထရမ့်အဆိုပြုချက် အစ္စရေးက သဘောတူညီရန် နီးစပ်ဟုဆို

September 29, 2025

ပုံစာ - အစ္စရေးနိုင်ငံ ၊ Tel Aviv မြို့တွင် ဂါဇာမှ အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြနေသူများကို ယမန်နှစ် ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - Ammar Awad/Reuters

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုအစီအစဉ်ကို အစ္စရေးနှင့် အမေရိကန်အကြား သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် အမေရိကန်အရာရှိများအကြား တွေ့ဆုံဆွေးနွေးပြီးနောက်တွင် သတင်းထွက်ပေါ်လာသည်။

ယင်းသို့ သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်းကို အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်အွန်လိုင်းသတင်းဌာန Axios မှ သတင်းထောက်တစ်ဦးက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။

သို့သော် ဟားမတ်စ်ဘက်က သဘောတူညီချက်မရသေး၍ အဆိုပါ အပစ်ရပ်အစီအစဉ်မှာ ရှေ့ဆက်နိုင်မည် မဟုတ်ကြောင်း အဆိုပါ အမေရိကန်အဆင့်မြင့်အရာရှိက ဖြည့်စွက်ပြောဆိုကြောင်းလည်း အဆိုပါ သတင်းထောက်က ဖော်ပြသည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုနှင့် တနင်္လာနေ့ တွေ့ဆုံမှုအတွင်း ၎င်း အဆိုပြုသည့် ဂါဇာအပစ်ရပ်ရေးအစီအစဉ်ကို အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယနေ့ တနင်္လာနေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုတို့ အိမ်ဖြူတော်တွင် တွေ့ဆုံကြမည် ဖြစ်သည်။

ယင်းမှာ ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးကတည်းက ၎င်းတို့နှစ်ဦးအကြား စတုတ္ထအကြိမ် တွေ့ဆုံမှုလည်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က နယူးယောက်မြို့တွင် အရှေ့အလယ်ပိုင်းခေါင်းဆောင်များကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ အချက် ၂၁ ချက်ပါ ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်ကို ချပြခဲ့ပြီးနောက်တွင် ယင်းသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

“အရှေ့အလယ်ပိုင်းမှာ အင်မတန်ကောင်းမွန်တဲ့အရာ ဖြစ်လာဖို့အတွက် ကျွန်တော်တို့မှာ စစ်မှန်တဲ့ အခွင့်အရေးတစ်ခု ရှိပါတယ်။ ဒီထူးခြားတဲ့ တစ်စုံတစ်ခုအတွက် အားလုံးသဘောတူထားကြပါပြီ။ တကယ်ကို ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော်တို့ ဒါကို အပြီးသတ်ဆောင်ရွက်နိုင်တော့မှာပါ” ဟု ထရမ့်က တနင်္ဂနွေနေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားခဲ့သည်။

ထရမ့် အဆိုပြုသည့် အဆိုပါ ဂါဇာအပစ်ရပ်ရေးအစီအစဉ်တွင် ပါဝင်သည့် အဓိကအချက်များကို The Washington Post နှင့် The Times of Israel သတင်းဌာနတို့က ဖော်ပြထားသည်။

အဆိုပါ အဆိုပြုချက်အရ ဟားမတ်စ်အဖွဲ့က ၄၈ နာရီအတွင်း အသက်ရှင်နေသူနှင့် သေဆုံးသူအပါအဝင် ဓားစာခံအားလုံးကို ပြန်လွှဲပြောင်းပေးရမည် ဖြစ်သည်။

အပြန်အလှန်အနေဖြင့် အစ္စရေးက ဂါဇာတွင် ၎င်းတို့၏ စစ်ဆင်ရေးများကို ရပ်ဆိုင်းရမည်ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့များကို ဆုတ်ခွာစေရမည် ဖြစ်သည်။

အစ္စရေးအနေဖြင့် ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးရမည်ဖြစ်ပြီး ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို သိသိသာသာ တိုးမြှင့်ပို့ဆောင်ခွင့်ပြုရန် သဘောတူရမည် ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဟားမတ်စ်အဖွဲ့က လက်နက်ဖြုတ်သိမ်းကာ ဂါဇာဒေသကို အုပ်ချုပ်နေမှုကို ရပ်တန့်ရမည် ဖြစ်သည်။ ဂါဇာတွင် အသွင်ကူးပြောင်းရေးကာလအုပ်ချုပ်မှုတစ်ရပ် ထူထောင်ကာ စာသင်ကျောင်းများနှင့် ဗလီများတွင် အစွန်းရောက်အတွေးအခေါ် တိုက်ဖျက်ရေး စီမံချက်တစ်ရပ် ဖော်ဆောင်ရမည် ဖြစ်သည်။

သို့သော် အဆိုပါ ထရမ့်၏ အဆိုပြုအစီအစဉ်တွင် ပါဝင်သည့် အသေးစိတ်အချက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Source: First Post