ဘုတ်ပြင်းမြို့နယ်၊ ထောင်စုံမဟက်ကျေးရွာအုပ်စု၊ စခန်းသာကျေးရွာ(ဒေသအခေါ် ရဲဘက်ရွာ)တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းသွားပြီးနောက် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း ဖြစ်စဉ်ကိုသိသည့် ဒေသခံများက အတည်ပြုပြောဆိုသည်။
စက်တင်ဘာလ ၂၀ ရက်နေ့က အဆိုပါကျေးရွာတွင်နေထိုင်သည့် အိမ်ထောင်သည် အမျိုးသမီးနှစ်ဦးကို ဘိုးဒါးကျေးရွာတွင် အထိုင်ချထားသည့် စစ်အာဏာရှင်တပ်များက လမ်းပြပေးရန် ခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။
ထိုအမျိုးသမီးနှစ်ဦးအနက် တစ်ဦးကို ရိုက်နှက်ကာ ပြန်လွှတ်လိုက်ပြီး နောက်တစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ခေါ်သွားတာက အမျိုးသမီးနှစ်ဦး၊ ပြုကျင့်ခံရတာကတော့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးကို၊ အသက် ၃၀ ဝန်းကျင်အမျိုးသမီးကိုတော့ ရိုက်နှက်ပြီး ပြန်လွှတ်လိုက်တယ်လို့ သိရတယ်”ဟု အဆိုပါဒေသခံက ဆိုသည်။
အဆိုပါအမျိုးသမီးနှစ်ဦး၏ အမျိုးသားများ နေအိမ်တွင်မရှိသည့်အချိန် စစ်အာဏာရှင် တပ်သားများက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
ထောင်စုံမဟက် ကျေးရွာအုပ်စုအတွင်း ဘိုးဒါးကျေးရွာလည်းပါဝင်ပြီး အဆိုပါရွာတွင် အထိုင်စခန်းချထားသည့် စစ်အာဏာရှင်တပ်က ဘုတ်ပြင်းအခြေစိုက် ခမရ ၃၅၈ တပ်ရင်းက ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“လမ်းပြခိုင်းဖို့ဆိုတာက သက်သက်ဥာဏ်ဆင်ပြီးခေါ်တာဗျ။ သူတို့ ဒီမှာ အထိုင်စခန်းလာချနေတာ လေး၊ငါး လ လောက်ရှိပြီ။ လမ်းမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ တစ်ညလုံးပြုကျင့်(မုဒိမ်းကျင့်)ကြတယ်။ မနက်မှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်”ဟု ထောင်စုံမဟတ်ကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။
ဘိုးဒါးကျေးရွာတွင် ဂိတ်ချကာအထိုင်စခန်းချထားသည့် စစ်အာဏာရှင်တပ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုမီးရှို့ဖျက်စီးခြင်း၊ လူမရှိသည့်နေအိမ်များမှ ပစ္စည်းများခိုးယူခြင်းများကို မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။