သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ခြေထောက်တစ်ဖက်ဖြတ်ထားရသည့် အသက် ၇၅ နှစ်အရွယ် မသန်စွမ်း အဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သားတစ်ဦးက အဓမ္မပြုကျင့်ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၂၇ရက် ညနေ ၄နာရီခန့်တွင် နေအိမ်၌ အဘွားအိုတစ်ဦးတည်းရှိနေချိန် အရက်မူးနေသည့် စစ်အာဏာရှင် တပ်သားတစ်ဦး ရောက်လာပြီး အဓမ္မပြုကျင့်ကြောင်း ကာယကံရှင်အဘွား၏ ပြောပြချက်ကို ကိုးကားပြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မပြောမဆိုနဲ့ တွန်းလှဲပြီး (အဓမ္မ) ကျင့်သွားတာ။ ငါအိုနေပြီဆိုပြီး တောင်းပန်တာကို တိတ်တိတ်နေလို့ပြောတယ်တဲ့။ အဘွားက အသံလည်း သိပ်မထွက်ဘူး။ ဝမ်းနည်းနေလို့လည်း ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ အဓမ္မပြုကျင့်ခဲ့သည့် စစ်အာဏာရှင်တပ်သားသည့် သရက်ချောင်းမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ စသည့် တပ်ရင်းတစ်ခုခုက ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
အဆိုပါ သရက်ချောင်းမြို့အခြေစိုက် တပ်ရင်းများက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့သို့ ရောက်ရှိလာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လုံခြုံရေးအတွက် စက်တင်ဘာ တတိယအပတ်တွင် ထားဝယ်မြို့သို့ ရေလမ်းဖြင့် သွားရောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာ ၂၁ ရက်ဝန်းကျင်တွင် ထားဝယ်မြို့မှ ကုန်းလမ်းမှ ပြန်ဆင်းလာပြီး သင်းကျွန်းနှင့် ရန်တောင် ကျေးရွာများတွင် လေးရက်ခန့် တပ်စွဲခဲ့ပြီးနောက် ဥတ္တူကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်အာဏာရှင်တပ်သားသည် အဓမ္မပြုကျင့်သည့်ရက် မတိုင်မီ တစ်ရက်အလိုတွင် အဘွား၏ နေအိမ်သို့ ရောက်လာပြီး မိတ်ဖြစ်ဆွေဖြစ် စကားလာပြောခဲ့သေးကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်း ရွာထဲဝင်ရောက်လာသဖြင့် ဥတ္တူရွာခံအချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသော်လည်း ထွက်မပြေးဘဲ နေအိမ်တွင်ပင် ဆက်လက်နေထိုင်သူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် အဘွားသည် ဆီးချိုရောဂါကြောင့် ညာဘက်ခြေထောက် ဒူးအောက်ပိုင်းအထိဖြတ်ထားရပြီး ဘယ်ဘယ်ခြေထောက်တွင်လည်း ခြေချောင်းအချို့ ဖြတ်တောက်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအဘွားသည် နေအိမ်တွင် ညီမဖြစ်သူနှင့်အတူ နေထိုင်သော်လည်း အဓမ္မပြုကျင့်ခံရသည့်အချိန်တွင် ညီမဖြစ်သူက အခြားနေရာသို့ ရောက်ရှိနေကြောင်း ဒေသခံအချို့က ဆိုသည်။
လက်ရှိတွင် အဆိုပါအဘွားအား ဥတ္တူရွာမှ ခေါ်ထုတ်လာပြီး လုံခြုံသည့်နေရာတစ်ခုတွင် နီးစပ်သူများက စောင့်ရှောက် ပေးထားကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။
“လောလောဆယ်တော့ (ရုပ်ပိုင်းဆိုင်ရာ) တော်တော်နာကျင်နေတာမျိုးတော့ မရှိဘူးပြောတယ်။ ဒါပေမဲ့ တော်တော် စိတ်ထိခိုက်နေတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံ အခြားတစ်ဦးကလည်း အဘွားအို အဓမ္မပြုကျင့်ခံရသည့်အကြောင်း ကြားသိရကြောင်း ပြောဆိုသည်။
လက်ရှိတွင် အဆိုပါစစ်အာဏာရှင်တပ်သားများသည် ဥတ္တူကျေးရွာမှ ထွက်ခွာသွားပြီဖြစ်သော်လည်း အနီးအနား ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လကလည်း လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၀ ဝန်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးကို စစ်အာဏာရှင်တပ်သားတစ်ဦးက နှစ်ရက်အတွင်း ငါးကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့သေးသည်။