BREAKING
October 19, 2025

လောင်းလုံး နခံတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

August 29, 2025

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၉ရက် မွန်လွဲပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူသည် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ဘို ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နခံတောကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“နောက်စေ့ပွင့်ဒဏ်ရာနဲ့ မျက်လုံးမှာ ဒဏ်ရာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုအောင်အောင်ဘို ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို အတည် မပြုနိုင်သေးပေ။

အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကို Dawei Watch က ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ်ကို ကြားသိခြင်း မရှိသေးသလို လောင်းလုံး ပကဖနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။

ကိုအောင်အောင်ဘိုသည် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခဲ့ဖူးပြီး အာဏာမသိမ်းမီက ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မူးယစ်ဆေးရောင်းဝယ်သည် ဆိုသည့်ကိစ္စဖြင့် လွန်ခဲ့သည့် သုံးလခန့်ကလည်း ကိုအောင်အောင်ဘိုကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးပြီးနောက် သတိပေးကာ ပြန်လွှတ်ပေးခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။