ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဩဂုတ် ၂၃ မှ ၂၉ ရက်အထိ
မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ်

မက္ကဆီကိုနိုင်ငံ အထက်လွှတ်တော်မှာ ပါတီခေါင်းဆောင်နဲ့ လွှတ်တော် ဥက္ကဌနှစ်ဦး ဩဂုတ် ၂၇ ရက်က ထိုးကြိတ်ရန်ဖြစ်မှု ဖြစ်ခဲ့ပါတယ်။
နိုင်ငံထဲ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိတာနဲ့ပတ်သက်ပြီး စကားစစ်ထိုးပွဲ အပြီးမှာ ထိုးကြိတ်ရန်ဖြစ်ခဲ့တာပါ။
နိုင်ငံတော်သီချင်း သီဆိုနေချိန် အတိုက်အခံပါတီဖြစ်တဲ့ တော်လှန်ရေးပါတီ (PRI) ရဲ့ ခေါင်းဆောင် အာလက်ဟန်းဒရိုး မိုရေနို (Alejandro Moreno) ဟာ လက်ရှိအာဏာရ မိုရီနာပါတီရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဂျရတ်ဒို ဖာနန်ဒက်ဇ် နိုရိုနာ (Gerardo Fernández Noroña) ဆီကို လာရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ အထက်လွှတ်တော်ဥက္ကဋ္ဌ နိုရိုနာက သြဂုတ် ၂၉ ရက်မှာ အရေးပေါ်အစည်းအဝေး ခေါ်ယူမှာဖြစ်ပြီး အတိုက်အခံပါတီခေါင်းဆောင် မိုရေနိုနဲ့ တခြား PRI လွှတ်တော်အမတ် ၃ ဦးကို ထုတ်ပယ်သွားဖို့ အဆိုပြုမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: CNN
……………………………………..
စပိန်တွင် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော် လူ ၂ သောင်းကျော် ဆင်နွှဲ

စပိန်နိုင်ငံရဲ့ နှစ်ပတ်လည် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို ဩဂုတ် ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး လူ ၂ သောင်းကျော် ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဘူနိုလ်မြို့မှာရှိတဲ့ လမ်းရှည်မှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲတော်ကို လူပေါင်း ၂၂,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တာပါ။
ပွဲတော်ထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေရော ဒေသခံတွေပါ ပါဝင်ခဲ့ပြီး ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်တာ၊ ခရမ်းချဉ်သီး အနှစ်တွေထဲမှာ ကူးခတ်ရင်း ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။
ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ဟာ ၁၉၄၅ ခုနှစ်ကတည်းက စပိန်နိုင်ငံရဲ့ ကျေးရွာတွေမှာ ပစ်ပေါက်ကစားတဲ့ ရိုးရာပွဲတော်တခုဖြစ်ပါတယ်။
Ref: AP
……………………………………..
အိန္ဒိယတွင် ဆည်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ပြည်သူများ အရေးပေါ်ပြောင်းရွှေ့

အိန္ဒိယဘက်မှ ဆည်တွေ ရေဖောက်ချမှုနဲ့ မိုးသည်းထည်စွာ ရွာသွန်းမှုကြောင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံဟာ ရေကြီးရေလျှံမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီး လူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။
ပြီးခဲ့တဲ့ အပတ်က နှစ်နိုင်ငံစလုံးမှာ မိုးသည်းထန်လို့ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။
နောက်ထပ် အိန္ဒိယရဲ့ ဆည်တွေကနေ ပိုလျှံရေတွေ စွန့်ထုတ်ဖောက်ချခဲ့လို့ ပါကစ္စတန်နိုင်ငံရဲ့ ပန်ဂျပ်ပြည်နယ်က ဒေသခံတွေကို ရေဘေးဒုက္ခ ထပ်ကြုံနိုင်တယ်လို့ သတိပေးခဲ့တာပါ။
ဒါကြောင့် မြစ်တွေအနီးမှာ နေတဲ့ အနည်းဆုံး လူပေါင်း ၁၅၀,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယက ရာဗီမြစ်ပေါ်ရှိ သိန်း ရေလှောင်တမံရဲ့ ဆည်တံခါးအားလုံးကို ဖွင့်ဖောက်ထားတာဖြစ်ပါတယ်။
ဒါနဲ့ ပက်သက်ပြီး အိန္ဒိယ ရေအရင်းအမြစ်ဝန်ကြီးဌာနကတော့ ဘာမှ ပြောကြားထားခြင်း မရှိပါဘူး။
Ref: REUTERS
……………………………………..
တရုတ်ကျောင်းသားများ မရှိပါက အမေရိကန် တက္ကသိုလ်များ ထိခိုက်မည်ဟု ထရမ့်ဆို

အမေရိကန်ကောလိပ်တွေမှာ တရုတ်ကျောင်းသားတွေ မရှိရင် များစွာ ထိခိုက်နိုင်ပြီး ရုန်းကန်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သြဂုတ် ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ် ထရမ့်က အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းတက်ဖို့ တရုတ်တက္ကသိုလ်ကျောင်းသား ၆ သိန်းကို နိုင်ငံထဲကို ဝင်ခွင့်ပေးနိုင်တယ်လို့ အကြံပြုထားပါသေးတယ်။
လက်ရှိ ပညာရေးစနစ်ထဲက ကျောင်းသားအရေအတွက် ၆ သိန်းလောက်ကို လျှော့ချလိုက်မယ်ဆိုရင် ကောလိပ်စနစ်က လုံးဝပျက်စီးပြီး ထိပ်တန်းတက္ကသိုလ်တွေလည်း ဖြစ်လာမှာမဟုတ်တော့ဘူးလို့ ထရမ့်က ပြောပါတယ်။
အမေရိကန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်စနစ် တစ်ခု ရှိနေလို့ တရုတ်ကလည်း သူ့ကျောင်းသားတွေကို ဒီကိုပို့နေတာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
အမေရိကန်မှာ တရုတ်တက္ကသိုလ်ကျောင်းသားအရေအတွက်က ၂၀၂၃ ခုနှစ်အထိ ၂၇၇,၀၀၀ ကျော်ရှိပါတယ်။
Ref: AP
……………………………………..
တေလာဆွစ်နှင့် ဘောလုံးသမား တရားဝင် စေ့စပ်

ကမ္ဘာကျော် အဆိုတော် တေလာဆွစ်နဲ့ NFL ဘောလုံးသမား ထရာဗစ်ကဲစီတို့ဟာ စေ့စပ်လိုက်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ဩဂုတ် ၂၆ ရက်က ဖော်ပြခဲ့ပါတယ်။
မင်းတို့ရဲ့ အင်္ဂလိပ်ဆရာမနဲ့ မင်းတို့ gym ဆရာတို့ လက်ထပ်တော့မယ် ဆိုတဲ့ စာသားနဲ့အတူ နှစ်ဦးစလုံးက Instagram မှာ တင်ခဲ့ကြတာပါ။
ပုံထဲမှာတော့ ပန်းခြံထဲမှာ တေလာဆွစ်ကို လက်ထပ်ခွင့်တောင်းတဲ့ပုံကို တင်ထားခဲ့ကြပါတယ်။
နှစ်ဦးစလုံးက အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ တွဲနေပြီဖြစ်ကြောင်း စတင်ကြေညာထားပါတယ်။
အခုထိတော့ လက်ထပ်မယ့်ရက်ကို မကြေညာသေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူတို့ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေဆိုပြီး ဆုမွန်ကောင်းတောင်းတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref: The Guardian
……………………………………..
အယ်ဂျီးရီးယားတွင် သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်နား

အယ်လ်ဂျီးရီးယားသမ္မတ အဗ္ဗဒဲလ် မဒ်ဂျစ်ဒ် တက်ဘုန်း (Abdelmadjid Tebboune) က ၀န်ကြီးချုပ် နာဒီးရာ လားဘောင်း (Nadir Larbaoui) ရဲ့ ရာထူးသက်တမ်းကို သြဂုတ် ၂၈ ရက်မှာ အဆုံးသတ်လိုက်ပါတယ်။
သံအမတ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ကို သမ္မတက ၂၀၂၃ ခုနှစ်မှာ ခန့်အပ်ထားတာပါ။
ဝန်ကြီးချုပ်ရာထူးကနေ ရပ်နားရတဲ့ အကြောင်းအရင်းကိုတော့ သမ္မတက မပြောသေးပါဘူး။
လက်ရှိမှာတော့ စက်မှုဝန်ကြီး ဆီဖီ ဂရီဘ် (Sifi Ghrieb) ကို အစိုးရရဲ့ ယာယီခေါင်းဆောင်အနေနဲ့ ခန့်အပ်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
Ref: REUTERS
……………………………………..
အိန္ဒိယတွင် အဆောက်အဦ ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ပါလ်ဂါမြို့မှာ အဆောက်အဦပြိုကျမှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂၇ ရက်က မွမ်ဘိုင်းမြို့မြောက်ဘက်က ပါလ်ဂါမြို့မှာ ၄ ထပ် အဆောက်အဦ ပြိုကျခဲ့တာပါ။
ပြိုကျမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီးတော့ ဒဏ်ရာရရှိသူ ၉ ဦးကို ကုသပေးနေဆဲဖြစ်ပါတယ်။
ကယ်ဆယ်ရေးကို ၃၆ နာရီကြာတဲ့အထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးရာသီဆိုရင် အဆောက်အဦပြိုကျမှုတွေ အဖြစ်များပြီး အများစုမှာ ဆောက်လုပ်ရေး ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
ပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတွေကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှု၊ ပေါ့ဆမှုတို့နဲ့ စွဲချက်တင်ကာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
Ref: NDTV
……………………………………..