BREAKING
October 19, 2025

ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့က လောင်းလုံးတွင် ပထမဆုံးရုံးခွဲဖွင့်

August 29, 2025

Photo - ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့

ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)က လောင်းလုံးမြို့နယ်တွင် ပထမဆုံး ရုံးခွဲဖွင့်၍ အရေးပေါ်လူနာများကိုစတင်၍ကူညီ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။

ဇမ္ဗူသီရိရုံးခွဲကို လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က စဖွင့်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ စေတနာ့ဝန်ထမ်း ၉ ဦး တို့က အရေးပေါ်လူနာများကို ၂၄ နာရီ ကူညီ ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကကတော့ ဒေသခံတွေ ဆေးဖက်ဆိုင်ရာအကူအညီတွေ လက်လှမ်းမီအောင်ပေါ့နော်။ ကျန်တဲ့ ဒေသတွေမှာလည်း အခုလိုမျိုး လုပ်ပေးနိုင်စွမ်းရှိတဲ့သူတွေကို ဖိတ်ခေါ်ထားတယ်”ဟု ၎င်းကဆိုသည်။

ထားဝယ်ခရိုင်တွင် ယခင်က ကျေးရွာအများစု၌ အရေးပေါ် လူနာတင်ယာဉ်အသင်းအဖွဲ့များ ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများနှင့်အတူ ကျေးရွာအခြေပြု လူမှုကူညီရေးအသင်းအဖွဲ့ အားလုံးနီးပါး ရပ်ဆိုင်းသွားကြသည်။

ယင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရပြီး ယခုကဲ့သို့ ကျေးရွာအခြေပြု လူမှုကူညီရေးအသင်းအဖွဲ့တစ်ခု ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့ခြင်းကြောင့် မောင်းမကန်အနီးဝန်းကျင် ကျေးရွာများအတွက် ဆေးဖက်ဆိုင်ရာ အရေးပေါ်အကူအညီများ အချိန်မီရရှိနိုင်ဖွယ်ရှိသည်။

ယခု ဇမ္ဗူသီရိရုံးခွဲနေရာကို မောင်းမကန်ကျေးရွာရှိ မူလက မေတ္တာလှိုင်းအရေးပေါ် လူနာတင်ယာဉ်အသင်း နေရာတွင် ဖွင့်လှစ်ထားကာ အရေးပေါ် အကူညီလိုအပ်ပါက ဇမ္ဗူသီရိ မောင်းမကန်ရုံးခွဲ၏ ဖုန်းနံပါတ်များ ဖြစ်သော ၀၉၂၅၆၀၈၆၂၈၀ နှင့် ၀၉၈၉၈၈၄၁၄၄၇ တို့ထံ ၂၄ နာရီ ဆက်သွယ်အကူအညီ တောင်ခံ နိုင် ကြောင်း ဇမ္ဗူသီရိအရေး ပေါ်လူနာကူညီသယ် ဆောင် ရေးအဖွဲ့ ထံမှသိရသည်။