ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် တရားမဝင်ခဲသတ္တုလုပ်ငန်းများ ရပ်နားရမည်ဟု စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ယနေ့ (သြဂုတ် ၂၉) နံနက်တွင် လော်စပီကာဖြင့် ကျေးရွာအတွင်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
” မိုင်း(သတ္တုလုပ်ကွက်)တွေရပ်ရမယ်လို့ အော်သွားတယ်။ အရေးယူမယ်လို့ ပြောသွားတာမျိုးတော့ မရှိဘူး။ နောက်ဆုံး မှာ “ပုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး” ဆိုပြီး ပါတယ်” ဟု ကံပေါက်ရွာမှ အမျိုးသမီးတစ်ဦး ကပြောသည်။
ယင်းသို့ကြေညာပြီးနောက် နေ့လယ်ပိုင်းတွင် ကံပေါက်ရွာရှိ သတ္တုလုပ်ကွက် အချို့လုပ်ငန်းသိမ်းနေပြီး အချို့လည်းဆက်ရှိနေသေးသည်ဟု လုပ်ကွက်များအနီး နေသူများထံမှသိရသည်။
” ကားကြီးတွေနဲ့ စက်တွေသိမ်းပြီး ပြန်ဖို့လုပ်နေသူတွေလည်းရှိတယ်။ အချို့လည်း မသိမ်းသေးဘူး” ဟု သတ္တုလုပ်ကွက်အနီးနေသူတစ်ဦးက ပြောပြသည်။
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP,2019) အစီရင်ခံစာအရ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၌ ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီထံက လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ရရှိခဲ့သည့် လုက်ကွက်နှစ်ခုရှိခဲ့ကြောင်း Tanintharyi Coalition Resource Watch ၏ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းလုပ်ကွက်နှစ်ခုမှာ အုန်းပင်ကွင်းကျေးရွာအုပ်စုရှိ မြေ ၃၇ ဧကတွင် ပုပ္ပါးကုမ္ပဏီက ဆောက်ရွက်နေသည့် အသေးစား သတ္တုလုပ်ကွက်နှင့် ကံပေါက်ကျေးရွာအုပ်စုအနီး မြေ ၂ဝ၈၇ ဧက ပေါ်တွင်ဆောင်ရွက်နေသည့် ဒယ်ကိုကုမ္ပဏီ၏ အကြီးစားလုပ်ကွက်တို့ဖြစ်ကြသည်။
ယင်းမိုင်းလုပ်ကွက်များ အပြင် ၂၀၂၄ ခုနှစ် ဇွန်လတွင် မဂ္ဂင်၊ လှည်းကုန်း၊ မိကျောင်းအိုင် စသည့် ရပ်ကွက်များတွင် ဥယျာဉ်ခြံများဝယ်ယူ၍ စစ်အုပ်စုနှင့် ၎င်းတို့၏လက်ဝေခံများဖြစ်သော ပျူစောထီးများ၊ ရပ်ကျေးအာဏာပိုင်များနှင့်ပူးပေါင်းကာ လုပ်ငန်းရှင်များက သတ္တုလုပ်ကွက်အသစ်များ ဖော်ဆောင်နေခြင်းဖြစ်သည်။
ယင်းလုပ်ကွက်များကို Dawei Watch က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက Google Earth မှ တိုင်းတာခဲ့စဥ်က ကံပေါက်ရွာလယ်၌ ၂၂၂ ဧကခန့်ရှိကြောင်း တိုင်းတာတွေ့ရှိခဲ့ရသည်။
သတ္တုလုပ်ကွက်များသည် တိုးချဲ့လုပ်ကိုင်နေသောကြောင့် လက်ရှိအခြေအနေတွင်မူ ယင်းအတိုင်းအတာထက် ပိုများနေပြီဖြစ်သည်။
သတ္တုလုပ်ကွက်များပိုများလာသဖြင့် ကံပေါက်ဒေသတွင် ယခုနှစ် နွေရာသီ က ရေတွင်း၊ ရေကန်များခန်းခြောက်မြန်လာပြီး ချောင်းအချို့လည်းကောကာ ပျက်စီးခဲ့ကြောင်း၊ ချောင်းများအတွင်း ရေချိုငါးရှားလာကြောင်း မြေအောက်ရေ ကျွမ်းကျင်ပညာရှင်နှင့် ဒေသခံတို့ထံမှသိရသည်။