BREAKING
October 19, 2025

ရေဖြူ၊ နဘုလယ်ဒေသ ရွာသုံးရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံအချို့စစ်ဘေးရှောင်

August 29, 2025

စစ်အာဏာရှင်တပ်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာသုံးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှထွက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ ထိန်ကြီးကျေးရွာ၊ လဲရှောင်ကျေးရွာနှင့် ပရဒပ်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ပထမ ထိန်ကြီးရွာကို အရင်လာတယ်။ ပြီးမှ လဲရှောင်ဘုန်ကြီးကျောင်း၊ အခုပရဒပ်ရွာရောက် နေတယ်”ဟု ယင်းဒေသခံအမျိုးသမီးကပြောသည်။

အဆိုပါစစ်ကြောင်းမှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် နံသာအိုင်ရွာဘက်မှလာသည့် စစ်ကြောင်းနှင့် ပေါင်း၍ ပရဒပ်ကျေးရွာအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဒေသခံများကို ဖမ်းဆီးထားခြင်းရှိမရှိ ကိုမူ Dawei Watch အနေဖြင့်စုံစမ်းနေဆဲ ဖြစ်သည်။

ယင်းအပြင် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်အာရှင်တပ် စစ်ကြောင်းတစ်ကြောင်းမှာလည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် နေ့မှစ၍ မူးဒူးကျေးရွာရှိ စာသင်ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲထား၍ ‌ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။