BREAKING
October 19, 2025

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရာထူးမှ ရပ်နားခံရ

August 29, 2025

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ရာထူးမှ ရပ်နားလိုက်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၉)တွင် အမိန့်ချမှတ်လိုက်သည်။

ပြီးခဲ့သော ဩဂုတ်လ ၂၁ ရက်နေ့က ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ကို ဥပဒေခုံရုံးတွင် ကြားနာမှုပြုလုပ်ပြီးနောက် ယနေ့တွင် ရာထူးမှ ရပ်နားရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်သည် ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ရာထူးကို ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ရပ်နားခံရခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောမှတ်တမ်း ပေါက်ကြားမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ကို အရေးယူပေးရန် အထက်လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူလိုက်ပြီး ဝန်ကြီးချုပ်ကို ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ရာထူးက ဆိုင်းငံ့ထားရန် အမိန့်ချထားခဲ့ရာမှ ယနေ့တွင် ရာထူးမှ ရပ်နားလိုက်ခြင်းဖြစ်သည်။

လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့နောက် လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ သစ္စာမဆိုခင်(တာဝန်မယူခင်) ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ၁၁ လကြာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ထိုင်းဝန်ကြီးချုပ်ဟောင်း စေထာထဝီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးက ရပ်နားရန် အမိန့်ချခဲ့သေးသည်။

Ref: The Nation Thailand, Khaosod, Thai Enquirer