BREAKING
October 19, 2025

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေ

August 29, 2025

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ပကာရီစခန်းမှ ကျောက်မဲတောင်စခန်းကို ထားဝယ်-ထီးခီးကားလမ်း အတိုင်းလာသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းမှာ သင်္ကန်းတုန်းနှင့် ဝကုန်းရွာများတွင် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်များ၏ကားများကို ဖျက်စီးခဲ့သလို စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ သင်္ကန်းတုံးရွာတွင် ဆက်ရှိနေပြီး ဩဂုတ်လ ၂၀ ရက်နေ့တွင် ထားဝယ်မှ အင်အား ၆၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များကဆိုသည်။

ယင်းကြောင့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ထားဝယ်မြို့မှ မြေသယ်ကား ၄ စီးဖြင့် အင်အား ၁၀၀ ခန့်ဝင်လာကြောင်း၊ ယင်းအပြင် သရက်ချောင်းမြို့နယ် စော်ဖျား၊ မိုးရွှေကုန်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဝင်လာသည့် အင်အား ၈၀ ခန့်ရှိ ခြေလျင်စစ်ကြောင်းသည် ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်ကို ရောက်ရှိနေကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါစစ်ကြောင်းနှစ်ကြောင်းပူးပေါင်းကာ ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်ကို စစ်ကြောင်းထိုးနေပြီး အညာဖျားရွာသားတစ်ဦးကို ပစ်ခတ်သတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံခြောက်ဆယ်ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး အညာဖျားရွာက နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးထားသည်ဟု ၎င်းက ပြောသည်။

“ထိတွေ့ပစ်ခတ်မှုကတော့မဖြစ်သေးဘူး၊ ဒေသခံတွေကိုဖမ်းထားတာဆိုတော့ ရွာသားတွေအတွက် စိုးရိမ်ရတယ်၊ လက်နက်ကြီးနဲ့ပစ်လို့လည်းမရဘူး ရွာနာမှာစိုးလို့” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

အညာဖျားရွာက နေအိမ်တစ်လုံးမီးရှို့ထားပြီး ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာကဒေသခံတစ်ချို့ ဖမ်းဆီးခံထားရသည်ဟု စစ်ဘေးရှောင်ထွက်လာသည့် အညာဖျားဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ခတ်ခံရတာက နှစ်ယောက်လိုလိုလည်းပြောတယ်၊ အတိအကျမသိရသေးဘူး၊ အခုက အဲ့ဒီဘက်မှာစစ်ကြောင်းရှိနေတာဆိုတော့ သူတို့ရွာသားတွေလည်း အတိအကျမသိကြသေးဘူး၊ ဖမ်းထားတဲ့သူတွေရှိတယ် ဆိုတာကြားတယ်” ဟုအရှေ့တောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အရပ်သား အသတ်ခံရသည်ဆိုသည့် ကိစ္စကိုမူ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စော်ဖျားရွာမှထွက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စော်ဖျားရွာက အရပ်သားနေအိမ် ၆၀ ခန့်နှင့် မိုးရွှေကုန်းရွာက နေအိမ် ၁၅ လုံး၊ ဥတ္တူရွာက အိမ် ၁ လုံးနှင့် ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့သည်။