ထိုင်းနိုင်ငံရှိ ပညာရေးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ကမ္ဘောဒီးယားကျောင်းသားကို နေရပ်ပြန်ပို့မည့်ဖြစ်စဉ်မှ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ စူရင်းခရိုင်တွင် ကျောင်းတက်နေသော အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသားတစ်ဦးကို တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ကျောင်းအလံတင်ပွဲအပြီးတွင် ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရစဉ်တွင် ထိုင်းကင်းထောက်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ရဲစခန်းအရောက်တွင် ကင်းထောက်ဝတ်စုံကို လဲစေ၍ လဝကဥပဒေအရ နေရပ်ပြန်ပို့မည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကို ထိုင်းဆရာဖြစ်သူက ဩဂုတ်လ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်တင်ပြခဲ့ရာမှတစ်ဆင့် အဖွဲ့အစည်းများစွာက ကြားဝင်တောင်းဆိုပေးခဲ့ခြင်းဖြစ်သည်။
ကလေးသည် လိမ္မာသောကလေးဖြစ်ပြီး အားကစား၊ ဂီတနှင့် စာပေတွင် GPA အဆင့် ၄ ရရှိထားသော ထူးချွန်ကျောင်းသားဖြစ်ကြောင်း ဆရာဖြစ်သူက ပြောသည်။
ကလေးသည် ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သော်လည်း အသက် ၃ နှစ်အရွယ်ကတည်းက ထိုင်းသို့ ရောက်လာပြီး ထိုင်းပညာရေးစနစ်ထဲတွင် သင်ကြားနေကာ ကမ္ဘောဒီးယားဘာသာစကားပင် အရေးအဖတ် မတတ်တော့ကြောင်း ဆရာက ပြောသည်။
ကလေးငယ်ကို သွားတွေ့စဉ်က အခြားနေရပ်ပြန်ပို့မည့် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးနှင့်အတူ အချုပ်ထဲတွင် နေနေရပြီး နေရပ်ပြန်ပို့ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆရာဖြစ်သူက လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့သည်။
ကျောင်းအုပ်ကြီးကလည်း ကလေးသည် ကမ္ဘောဒီးယားကျောင်းသားဖြစ်သော်လည်း မိမိကျောင်းတွင် တက်နေသဖြင့် မိမိတို့ ကျောင်းသားဖြစ်ပြီး မိဘဖြစ်သူနည်းတူ ပြစုစောင့်ရှောက်ပေးထားခဲ့ကြောင်း ဖြေရှင်းပေးခဲ့သည်။
ကလေးငယ် အသက် ၃ နှစ်အရွယ်ကတည်းက မိခင်နှင့်အတူ တရားမဝင် ထိုင်းသို့ ဝင်ရောက်ခဲ့သော်လည်း ကျောင်းအပ်သည့်အချိန်တွင် အထောက်အထားစာရွက်အားလုံး ပြည့်စုံခဲ့ကြောင်း ကျောင်းအုပ်ကြီးက ဖြေရှင်းခဲ့သည်။
လက်ရှိတွင် မိခင်ဖြစ်သူက ထိုင်းနိုင်ငံသားနှင့်အတူ နောက်အိမ်ထောင်ပြုထားသူဖြစ်သည်။
အစိုးရဘက်ကလည်း ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရှိကြောင်း ပြဌာန်းထားပြီး ကျောင်းဘက်ကလည်း လုပ်ငန်းစဉ် မှန်မှန်ကန်ကန်ဖြင့် ကလေးကို ကျောင်းအပ်ခွင့်ပြုခဲ့ကြောင်း ကျောင်းအုပ်ကြီးက ရှင်းပြထားသည်။
နောက်ထပ် လူ့အခွင့်အရေးလှုပ်ရှားနေသူများကလည်း ထိုင်းရဲတပ်ဖွဲ့၏ အရေးယူမှုသည် ကလေးငယ်တိုင်း ပညာသင်ကြားခွင့် ပေးထားသော နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြခဲ့ကြသည်။
ထိုင်းပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာနများကလည်း ကလေးနှင့် မိခင်ဖြစ်သူကို ကာကွယ်ပေးခဲ့ပြီး နှစ်ဦးစလုံးကို စူရင်းခရိုင်ထဲသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြသည်။

ထိုင်းယာယီဝန်ကြီးချုပ် Phumtham Wechayachai က ကလေးငယ်သည် ထိုင်းပညာရေးစနစ်ထဲတွင် ကြီးပြင်းလာသဖြင့် အကောင်းဆုံးအဖြေရှာကြရန်၊ ဥပဒေအရ မျှမျှတတဆောင်ရွက်ရန်နှင့် လူ့အခွင့်အရေးအရ ချင့်ချိန်စဉ်းစားကြရန် တိုက်တွန်းခဲ့သည်။
ပညာရေးဝန်ကြီး Nareumol Pinyosinwat က သူမကိုယ်တိုင် မိခင်လည်းဖြစ် ဆရာဟောင်းတစ်ဦးလည်း ဖြစ်သဖြင့် မိခင်ဖြစ်သူ၏ ခံစားချက်ကို နားလည်ပြီး နယ်စပ်ပြဿနာနှင့် လူသားချင်းစာနာထောက်ထားရေးများကို ကွဲကွဲပြားပြားဖြစ်စေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ကျောင်းတွင် တရားမဝင် နေထိုင်သူရှိနေကြောင်း တိုင်ကြားချက်ရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့စဉ် တရားဝင် နေထိုင်ခွင့် အထောက်အထားများ မတွေ့ရသဖြင့် ကလေးငယ်ကို တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က တုံ့ပြန်ခဲ့သည်။
ထိုင်းအစိုးရဌာနများ၏ ဝင်ရောက်ဖြန်ဖြေပေးမှုကြောင့် ကလေးနှင့် မိခင်ဖြစ်သူကို ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စကဲဝိုခရိုင် နယ်စပ်ဂိတ်မှတစ်ဆင့် စူရင်းဒေသသို့ ပြန်လည်ခေါ်ဆောင်လာပြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးစခန်းတွင် မိသားစုနှင့်အတူ ပြန်လည်နေထိုင်စေကာ လဝကဘက်က ၎င်းတို့၏ နေထိုင်ခွင့်များကို စီစဉ်ပေးနေကြောင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီး Varawut Silpa-archa က ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးရန် လုပ်ပိုင်ခွင့်မရှိသော်လည်း ၎င်းတို့ကို နောက်တစ်ဆင့် ဆုံးဖြတ်ချက် မထွက်မချင်း နိုင်ငံတကာကလေးငယ် ကာကွယ်ရေးဥပဒေများအရ ကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ကလေးငယ်သည် ကင်းထောက်ဝတ်စုံကို ချွတ်၍ နေရပ်ပြန်ပို့မည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည့်အပေါ် ဆရာဖြစ်သူက စိတ်မကောင်းများစွာဖြစ်ခဲ့ပြီး အိပ်မရဖြစ်ခဲ့ရာမှ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ကြောင်း ဆရာဖြစ်သူက ရှင်းပြသည်။
ယခုဖြစ်စဉ်သည် လူအများကြားဝင် ဆောင်ရွက်ပေးခဲ့သဖြင့် ကျေးဇူးတင်ကြောင်းနှင့် ယခုဖြစ်စဉ်ကဲ့သို့ ကလေးငယ်များစွာ နေရပ်ပြန်ပို့ခံရမှုဖြစ်စဉ်များ ရှိနိုင်ကြောင်း ဆရာဖြစ်သူက ပြောသည်။
ပြီးခဲ့သော ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ အန်ထောင်ခရိုင်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား ၁၂၆ ဦးကို တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ထိုင်းအာဏာပိုင်များက နေရပ်ပြန်ပို့ခဲ့သေးသည်။
ပြီးခဲ့သော ဩဂုတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ကလေးငယ်အားလုံး ပညာသင်ကြားခွင့် ရရှိရေး ထိုင်းကျောင်းများက ကျောင်းအပ်လက်ခံပေးရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထပ်မံထုတ်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် မြန်မာကလေးငယ်ကဲ့သို့ ရွှေ့ပြောင်ကလေးငယ်များ ထိုင်းကျောင်းများတွင် အပ်နှံရာတွင် ထိုင်းမွေးစာရင်းမရှိပါက ကျောင်းတက်ခွင့် မရသည့်ဖြစ်စဉ်များစွာ ရှိနေဆဲဖြစ်ကြောင်း မြန်မာကျောင်းသားမိဘများထံမှ သိရသည်။
Ref: Khaosod English, Thai Enquirer