စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစနစ်အတွက် အဓမ္မငွေကြေးကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည့် တနင်္သာရီတိုင်းတွင် တိုင်ကြားလာသူမရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
တိုင်းအတွင်းရှိ မြိတ်နှင့်ထားဝယ်ခရိုင်အတွင်းရှိရပ်ကွက်၊ ကျေးရွာအများစုတွင် စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံများထံမှ ငွေကြေးအဓမ္မ တောင်းခံမှုများ အများအပြားရှိနေသည်။
ထိုသို့တောင်းခံရာတွင်လည်း လစဉ်ကြေးအနေဖြင့် ငွေကျပ်သောင်းကဏန်း လတိုင်းထည့်ဝင်နေရသည့် ရပ်ကွက်၊ ကျေးရွာများရှိသလို လူငယ်များကိုဖမ်းဆီးပြီးမှ ကျပ်သိန်းဆယ်ကဏန်းမှ သိန်းရာကဏန်းအထိ တောင်းယူနေသည့် ဖြစ်စဉ်များလည်းရှိသည်။
ငွေကြေးအဓမ္မတောင်းခံနေမှုများ ရှိသည်ဆိုသော်လည်း လက်ရှိအချိန်အထိ သတင်းပို့တိုင်ကြားလာသူ မရှိသေးကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။
“ရှင်းရှင်းပြောရင်ဗျာ အဂတိလိုက်စားမှုတို့ ဘာတို့ဆိုတာ အားလုံးကို ထိထိရောက်ရောက် အရေးယူချင်တာလေ။ အဲလိုဖြစ်လာမယ်ဆိုရင် တိုင်ကြားစာတို့ ဘာတို့ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမှာခင်ဗျား”ဟု ၎င်းကပြောသည်။
အဓမ္မငွေကြေးတောင်းခံပါက တိုင်ကြားနိုင်သည်ဟု စစ်အာဏာရှင်တပ်က ပြောဆိုနေသော်လည်း ထိရောက်မည်မဟုတ်သည့်အပြင် ပြည်သူများအနေဖြင့် တိုင်ကြားရဲလိမ့်မည်မဟုတ်ကြောင်း မြိတ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။
“သွားတိုင်မယ်ဆိုပါရင် ထူးခြားမှုမရှိတဲ့အပြင် ကိုယ်ပဲဒုက္ခပိုရောက်သွားနိုင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးမှသာ သက်ဆိုင်ရာတပ်ရင်းဆီ လူကိုယ်တိုင်သွားရောက်သတင်းပို့ပြီး စစ်မှုထမ်းသင်တန်း တက်ရမည်ဖြစ်သည်။
လက်ရှိတွင်မူ လူငယ်များကို အရင်ဖမ်းဆီးပြီးမှသာ စစ်မှုထမ်းရမည်ဟုဆိုကာ မိသားစုဝင်များထံ ဆင့်ခေါ်စာပေးပို့လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ ဖမ်းဆီးပြီးနောက်တွင်လည်း စစ်မှုထမ်းမပါစေရေးအတွက် မိသားစုထံမှ ငွေကျပ်သိန်းရာချီ တောင်းခံသည့်ဖြစ်စဉ်များလည်း နေရာအနှံ့ဖြစ်ပွားနေသည်။