စစ်ကောင်စီက အသက် ၁၈နှစ် မပြည့်သေးသူနှင့် သတ်မှတ် အသက်ထက် ကျော်လွန်နေသူများကိုပါ စစ်မှုထမ်း စုဆောင်း နေကြောင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်းသင်တန်းဆင်များ၏ ပြောဆိုချက်ကို အခြေခံကာ တော်လှန်ရေး အင်အားစုများက ထုတ်ပြန်သည်။
ဇူလိုင်လ တတိယပတ်အတွင်း ကလိန်အောင်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၄၀၉ က ထွက်ပြေးကာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံသို့ ဘက်ပြောင်းခိုလှုံသည့် တပ်သားတစ်ဦးမှာ အသက် မပြည့်ဘဲ စစ်မှုထမ်း စုဆောင်းခံရကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အဆိုပါ ဘက်ပြောင်းခိုလှုံလာသူကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဘက်ပြောင်းခိုလှုံလာသူသည် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ကဖြစ်ပြီး အသက် ၁၆နှစ်တွင် စစ်မှုထမ်းသင်တန်းသားအဖြစ် စုဆောင်းခံရပြီး အပတ်စဉ် ၈တွင် တက်ရောက်ခဲ့ရကြောင်း ရုပ်သံမှတ်တမ်းတွင် ၎င်းက ပြောဆိုထားသည်။
ရှမ်းပြည်နယ်၊ ဗထူးမြို့ရှိ စစ်သင်တန်းကျောင်းနှင့် မွန်ပြည်နယ်ရှိ စစ်တပ်တစ်ခုတွင် သင်တန်းသုံးလ တက်ရောက်ခဲ့ရပြီး ခမရ ၄၀၉ တပ်ရင်းတွင် လေးလ တာဝန်ထမ်းခဲ့ရကြောင်း အထက်ပါ ဘက်ပြောင်းခိုလှုံလာသူက ဆိုသည်။
“ကျွန်တော်က ပဲပွဲရုံမှာ အလုပ်လုပ်တာ။ ပွဲရုံက ၉နာရီ (ည) ကျော်မှ ပိတ်တာ။ ကျွန်တော်ပြန်လာတော့ ရဲတွေက ခဏလိုက်ခဲ့ဦးဆိုပြီးတော့ ခေါ်သွားတယ်။ ရွာက ဥက္ကဋ္ဌ (အုပ်ချုပ်ရေးမှူး) က မနက်ပြန်လာထုတ်ဆိုပြီး လဝကရုံးကို တစ်ခါတည်းပို့တယ်။ မှတ်ပုံတင်လုပ်ပေးပြီး စုဆောင်းရေးကို တစ်ခါတည်းပို့လိုက်တယ်” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် ကလိန်အောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် လိုက်ပါခဲ့ရပြီး ခြေထောက် ဒဏ်ရာရ၍ နောက်တန်း၌ ခေတ္တနားနေခိုင်းစဥ် လက်နက်မပါဘဲ ထွက်ပြေးလာခဲ့ကြောင်း ကာယကံရှင်၏ ပြောပြချက်ကို ကိုးကား၍ ဒေါနစစ်ကြောင်း၊ အမှတ် ၃၃ နည်းဗျူဟာ၏ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။
အလားတူ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းသူများကိုလည်း မှတ်ပုံတင်ပြုလုပ်ပေးပြီးနောက် စစ်မှုထမ်း စုဆောင်းခံရသူများ ရှိကြောင်း ရဲဘော်စောဒါးကိုက ဆိုသည်။
“ထိုင်းဘက်ကနေပြီးတော့ ထိုင်းလဝက က ဖမ်းမိပြီး နယ်စပ်ကော့သောင်းဘက်ကိုလာပို့တဲ့ လူတွေကိုတော့ ချက်ချင်းပဲ ရဲတွေက လာခေါ်တယ်။ ခေါ်ပြီးတာနဲ့ ရဲစခန်းမှာထားတယ်။ တပ်ရင်းတွေကိုပို့ပြီးမှ ချက်ချင်းမှတ်ပုံတင် လုပ်ပေးတယ်။ မှတ်ပုံတင်လုပ်ပေးပြီးမှ (စစ်) သင်တန်းကျောင်းကို ပို့တယ်” ဟု ၎င်းက ပြောသည်။
ဇူလိုင်လဆန်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်း အပတ်စဥ် ၈ သင်တန်းဆင်း တပ်သား ညီညီဇော် ကလည်း ၎င်းနှင့်အတူ စစ်သင်တန်း တက်ခဲ့ရသူများတွင် ၃၅ နှစ်အထက် အမျိုးသားများ ပါဝင်ကြောင်း Dawei Watch နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုသည် ။
“သူတို့ချမှတ် (သတ်မှတ်) ထားတာက ၃၅ နှစ်အထိပဲ။ ပါလာတဲ့ (စုဆောင်းခံရသူ) အထဲမှာ (အသက်) ၄၀ ကျော်၊ ၅၀ ကျော်တွေပါ ပါလာတယ်။ ပြန်မလွှတ်ဘူး။ အားလုံး မတရားအဖမ်းခံရသူတွေချည်းပဲ” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းဥပဒေတွင် အသက် ၁၈နှစ်မှ ၃၅နှစ် မပြည့်သေးသော အမျိုးသားများသည် စစ်မှုထမ်းရမည်ဟု ဖော်ပြပြီး ကျွမ်းကျင်သူ (ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုအတတ်ပညာ သို့မဟုတ် အတတ်ပညာတစ်ခု တက်မြောက်သူ) ဆိုလျှင် ၄၅ နှစ်အထိ အကျုံးဝင်သည်ဟု ဖော်ပြသည်။
စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ် တစ်ခုအတွက် လူဦးရေ အနည်းဆုံး လေးထောင်ခန့်ရအောင် စုဆောင်းနေပြီး လူငယ် ခုနစ်သောင်းနီးပါး အဓမ္မစစ်မှုထမ်းစုဆောင်းခံထားရပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သည့် အဓမ္မစစ်မှုထမ်းစုဆောင်းနေခြင်းနှင့်ပတ်သက်သော အသိပေးချက်တွင် ဖော်ပြသည်။
တနင်္သာရီတိုင်းတွင်လည်း ယခုဇူလိုင်လအတွင်း ဧည့်စာရင်း အကြောင်းပြ စစ်မှုထမ်းစုဆောင်းခြင်းနှင့် လမ်းပိုင်း စစ်ဆေးရေး ဂိတ်များတွင် လူငယ်များ အဖမ်းခံရကာ အဆက်အသွယ်ပြတ် ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။