လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် ယနေ့ ဇူလိုင်လ ၂၉ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
ပန်းတင်အင်းကျေးရွာကွက်သစ် စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကြောင်းသည် ယနေ့ နံနက် ၈ နာရီခန့်တွင် ပန်းတင်အင်းကျေးရွာမှ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေဇုန်သို့ ထွက်ခွာချိန် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“နှစ်ဖက် ဆိုင်ပစ်တဲ့ အခြေနေမျိုးတော့ မဟုတ်ဘူး။ ဒရုန်းနဲ့ လာချတဲ့ ပုံစံမျိုး။ သေနတ်သံက ပစ်လိုက်နားလိုက် ဆက်တိုက် ပစ်နေတာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှု ဖြစ်နေချိန် ထားဝယ်-မောင်းမကန်လမ်း၌ရှိသော စစ်ကောင်စီအမှတ် ၁၀၄ ခြေလျင်တပ်ရင်းကလည်း ပန်းတင်အင်း ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ရွာမြောက်ပိုင်းမှာ မီးခိုးတွေ တက်လာနေတော့ တွေ့ရတယ်။ မီးရှို့လား၊ လက်နက်ကြီးကျလို့လားဆိုတာတော့ အသေးစိတ် မသိရှိ ရသေးဘူး” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ပန်းတင်အင်းကျေးရွာသူ၊ ကျေးရွာသားများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီတပ်နှင့် မည်သည့်တော်လှန်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားသည်ကို သိရှိနိုင်ရန် Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကို Dawei Watch က ဆက်သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်နေသည်ဟု ကြားသိရပြီး မည်သည့်တော်လှန်ရေးအဖွဲ့နှင့် ဖြစ်ပွားသည်ကိုမူ မသိရသေးကြောင်း ဖြေကြားသည်။
“ရွာထဲမှာ ပြည်သူတွေ အဖမ်းခံရတာလည်း ရှိတယ်။ အခုလက်ရှိမှာတော့ ရွာထဲမှာ အိမ်တွေ ၇ ဆောင်လောက်ရှိပြီ (စစ်ကောင်စီတပ်) မီးရှို့ထားတာ။ တိုက်ပွဲဖြစ်တာမှာ လက်နက်ကိုင်အချင်းချင်းချကြပေါ့။ ပြည်သူတွေကို ဒုက္ခမပေးနဲ့လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
ပစ်ခတ်ပေါက်ကွဲသံများမှာ နေ့လယ် ၁၂ နာရီ ဝန်းကျင်အထိ ထွက်ပေါ် နေဆဲဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းမှစ၍ ပန်းတင်အင်းရွာသို ရောက်ရှိတပ်စွဲခဲ့ကာ အမျိုးသားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအနက် နှစ်ဦးကို ပြန်လွှတ်ခဲ့ကာ အမျိုးသားတစ်ဦးမှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။
စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၇၀ ခန့်ပါရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့ အင်အားဖြည့်တင်းရန် လာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။