မြန်မာ့မြေရှားသတ္တုများကို အမေရိကန်က ရရှိရေး အဆိုပြုချက်များကို ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့ကြောင်း ယင်းအကြောင်း တိုက်ရိုက်သိရှိသူ လေးဦး၏ ပြောဆိုချက်ကို ကိုးကား၍ Reuters သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းအဆိုပြုချက်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏ ကာလရှည်မူဝါဒတွင် သိသာကြီးမားစွာ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း Reuters က ဖော်ပြသည်။
မြန်မာနိုင်ငံမှ အများအပြားထွက်ရှိနေသည့် မြေရှားသတ္တုများကို တရုတ်က ရရှိနေပြီး ယင်းတို့ကို တရုတ်အစား အမေရိကန်က ရရှိလာစေရန် ရည်ရွယ်ချက်နှင့် အဆိုပါ အဆိုပြုချက်များကို ကြားနာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များက ဆိုသည်။
အဆိုပါ အဆိုပြုချက်များကို အမေရိကန်စီးပွားရေးလော်ဘီသမားတစ်ဦးက ထရမ့်အစိုးရအရာရှိများကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ယင်းအမေရိကန် စီးပွားရေးလော်ဘီသမားသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ အကြံပေးဟောင်းတစ်ဦးဖြစ်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အပြင် အခြားသော ပြင်ပကျွမ်းကျင်သူများနှင့်ပါ သွယ်ဝိုက်ထိတွေ့ဆက်ဆံနိုင်သည့် လမ်းကြောင်းရှိသူ ဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပြုချက်များထဲမှ တစ်ခုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ငြိမ်းချမ်းရေးရယူရန် မြန်မာစစ်ကောင်စီအား ထရမ့်အစိုးရက တိုက်တွန်းရန် ဖြစ်သည်။ နောက်ထပ်အဆိုပြုချက်တစ်ခုမှာ ထရမ့်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနှင့် မထိတွေ့မဆက်ဆံဘဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်သာ တိုက်ရိုက်ဆွေးနွေးသွားရန် ဖြစ်သည်။
၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှု ဖြစ်ပြီးကတည်းက အမေရိကန်အစိုးရသည် မြန်မာစစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမှုကို ရှောင်ကျဉ်လာခဲ့ကြောင်း Reuters က ဖော်ပြသည်။
အဆိုပြုချက်များနှင့် ပတ်သက်၍ ထရမ့်အစိုးရဘက်က ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးကြောင်း အဆိုပါ သတင်းအရင်းအမြစ်များက ပြောသည်။
မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို အမေရိကန်က ရရှိရေးအတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဆိုင်ရာ ကြီးမားသည့် အခက်အခဲများလည်း ရှိနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အဆိုပါ အဆိုပြုချက်များကို ထရမ့်အစိုးရ အကောင်အထည်ဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံမှ မြေရှားသတ္တုထွက်ရှိရာဒေသများကိုထိန်းချုပ်ထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် သဘောတူညီချက်ရရန် လိုအပ်နိုင်ကြောင်း Reuters က ဖော်ပြသည်။
မြေရှားသတ္တုများသည် လျှပ်စစ်စွမ်းအင်ကို လှုပ်ရှားမှုသို့ ပြောင်းပေးနိုင်သည့် သံလိုက်များ ပြုလုပ်ရာတွင် အသုံးပြုသည့် သတ္တု ၁၇ မျိုးအုပ်စုထဲမှ တစ်ခု ဖြစ်သည်။
အဆိုပါ မြေရှားသတ္တုများကို ဂျက်ဖိုက်တာများနှင့် အခြားသော အဆင့်မြင့်စွမ်းဆောင်ရည်သုံး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။
အမေရိကန်နိုင်ငံသည် မြေရှားသတ္တုပမာဏအနည်းငယ်ကိုသာ ထုတ်လုပ်နိုင်ပြီး ပြည်ပမှ တင်သွင်းမှုများကိုသာ မှီခိုနေရသည်။
မြေရှားသတ္တုရရှိရေးသည် တရုတ်နှင့် ယှဉ်ပြိုင်ရာတွင် ထရမ့်အစိုးရ၏ အဓိကအာရုံစိုက် ဦးစားပေးမူဝါဒတစ်ခု ဖြစ်သည်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏ အဆိုအရ ကမ္ဘာပေါ်မှ စက်မှုသုံးမြေရှားသတ္တု ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို တရုတ်က လုပ်ကိုင်လျက်ရှိသည်။
Source: Reuters