ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီးနယ်စပ်ဒေသတစ်ခုလုံးကို KNU ထိန်းချုပ်ထားပြီးနောက် မယ်သမီးထာရွာ(ထီးထ)မှ ဒေသခံများကို မူလမြေယာတွင် ပြန်လည်နေထိုင်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)က ပြန်လည်ခေါ်ယူနေသည်။
ထီးထ (ခေါ်) မယ်သမီးထာ ဒေသသည် ယခင်က KNU ၏ မြိတ်-ထားဝယ်ခရိုင်ဌာနချုပ် ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေဖြစ်သည်။
ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထဗျူဟာစခန်းကုန်းနှင့် မေလ ၉ ရက်တွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် တစ်ဆက်တည်းရှိသည့် ထီးခီးနယ်စပ်စခန်းများကို KNU တပ်မဟာ(၄)ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဌာနေတိုင်းရင်းသားများကို ယခုအခါ ထီးခီး၊ ထီးထနယ်စပ်တွင် စစ်ကောင်စီစခန်းကင်းစင်သွားပြီဖြစ်သဖြင့် ပြန်လည်နေထိုင်ကြရန် KNU တပ်မဟာ(၄)က ဇွန်လ ၂၉ ရက်တွင် ဖိတ်ခေါ်ကြေညာထားသည်။
၁၉၉၇ ခုနှစ်တည်းက မယ်သမီးထာရွာ(ထီးထ)တွင် မူလနေထိုင်ခဲ့သူများအနေဖြင့် နေရပ်တွင်ပြန်လည်နေထိုင်မည်ဆိုပါက မိမိနှင့်သက်ဆိုင်သောမြေ၊ အိမ်ယာတည်နေရာများကို သက်ဆိုင်ရာအဖွဲ့အစည်းထံ လာရောက်အကြောင်းကြား အသိပေးတင်ပြနိုင်သည်ဟု ဆိုသည်။
မူလမြေယာပိုင်ရှင်များသည် တတိယနိုင်ငံ၊ ဒုတိယနိုင်ငံနှင့် အခြားဒေသများကိုရောက်ရှိနေသဖြင့် မယ်သမီးထာရွာရှိ မြေယာတွင် ပြန်လည်နေထိုင်လိုခြင်းမရှိပါက ယင်းမြေနေရာကို မိမိ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေ၊ သူငယ်ချင်းများကို ပေးဝေနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
သို့သော် တရားဝင်ပေးကမ်းကြောင်းကို KNU တပ်မဟာ(၄)၏ သက်ဆိုင်ရာအဖွဲ့အစည်းထံ အသိပေးအကြောင်းရမည်ဖြစ်ပြီး ပြန်လည်ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လက်လွဲခြင်းများကို ခွင့်မပြုကြောင်း ဖော်ပြထားသည်။
မူလမြေပိုင်ရှင်များ၏ မြေ၊ အိမ်ယာလျောက်ထားမှုများကို KNU ဘက်က ပြန်လည်စီစစ်ပြီး နေရာချထားပေးမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှ ဝင်ရောက်နေထိုင်သူများကိုလည်း သင့်တော်သည့်နေရာ စီစဉ်ပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထီးထအခြေအနေတော့ ပြောပြမတတ်ဘူး၊ ထီးခီးမှာတော့ KNU က လွန်ခဲ့တဲ့ ၂ နှစ်က မြေယာပိုင်ဆိုင်မှုအထောက်အထား လုပ်ပေးထားတယ်၊ ကျွန်တော်တို့မှာလည်းရှိတယ်”ဟု ထီးခီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုနှစ်တွင် ထီးထ၊ ထီးခီးစခန်းသိမ်းတိုက်ပွဲနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးထ၊ ထီးခီး၊ ဗောဓိ၊ အမိုကျေးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အခုအခါ ထီးခီး၊ ထီးထနယ်စပ်တွင် စစ်ကောင်စီစခန်း ကင်းစင်သွားပြီဖြစ်သဖြင့် ဒေသခံအများစု နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း အထက်ပါအမျိုးသားတစ်ဦးက ပြောသည်။
မယ်သမီးထာဒေသတွင် ပြန်လည်နေထိုင်ရန် မြေယာလျောက်ထားမှုကို KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် လယ်ယာစိုက်ပျိုးရေးနှင့် ထီးခီး၊ ထီးထာ မြေယာကော်မတီ ဥက္ကဋ္ဌ ပဒိုစောအယ်ကလယ်စိုးထံ ဆက်သွယ်လျောက်ထားနိုင်သည်ဟု ထုတ်ပြန်ထားသည်။