၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ မကြာသေးမီက ကြေညာချက်ဟာ ဒီမိုကရေစီတိုးတက်မှုလို့ ယူဆရတဲ့ လက္ခဏာမဟုတ်ပါ။
မြန်မာစစ်ကောင်စီက အချိန်ယူကာ အာဏာကို ခိုင်မာအောင်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ထင်မြင်ချက်ကို ကိုင်တွယ်ဖြေရှင်းမယ့် လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။ ကမ္ဘာကြီးကို နောက်တစ်ကြိမ် မလှည့်စားရပါဘူး။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ပရမ်းပတာအခြေအနေ ဖြစ်သွားခဲ့ပါ တယ်။ စစ်တပ်အာဏာသိမ်းမှုက ဒီမိုကရေစီစနစ်ကို ဖြိုဖျက်ကာ လူထုတော်လှန်မှု ဖြစ်စေခဲ့ပြီး တိုင်း ပြည်ကို ရှည်လျားသော ပြည်တွင်းစစ်အဖြစ်သို့ တွန်းပို့ခဲ့ပါတယ်။
အာဏာသိမ်းမှုအတွက် အကြောင်းပြ ချက်တစ်ခုအဖြစ် ပြဌာန်းထားတဲ့ အရေးပေါ်အခြေအနေဟာ စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် အာဏာ အပ်နှင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေနဲ့ အတိုက်အခံတွေကို အသံတိတ်စေခဲ့ပါတယ်။
ထောင်ချီတဲ့ပြည်သူတွေ ထိန်းသိမ်းခံ၊ နှိပ်စက်ခံ သို့မဟုတ် သတ်ဖြတ်ခံခဲ့ရပါတယ်။ ရိုဟင်ဂျာ တွေ အပါအဝင် တိုင်းရင်းသားလူနည်းစုတွေဟာ စနစ်တကျ အကြမ်းဖက်မှုနဲ့ အိုးအိမ်စွန့်ခွာရမှုတွေ ဆက်လက်ပြီး ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အရေးပါသော အတိုက်အခံပါတီတွေကို ဝရမ်းပြေးသတ်မှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ခေါင်းဆောင်တွေကို စွဲချက်အမျိုးမျိုးနဲ့ အကျဉ်းချခဲ့ပါတယ်။
ဤအခြေအနေမျိုးမှာ စစ်ကောင်စီရဲ့ ဘယ်လိုရွေးကောက်ပွဲ ကတိကဝတ်မဆို အဓိပ္ပာယ်မရှိပါ။ နိုင်ငံရေးအတိုက်အခံများကို နှုတ်ဆိတ်ထားပြီး အရပ်သားလွတ်လပ်ခွင့်များကို ဆိုင်းငံ့ထားတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ လွတ်လပ်မှု သို့မဟုတ် တရားမျှတမှုရှိ တယ်လို့ မယူဆနိုင်ပါဘူး။ ဒါဟာ ဒီမိုကရေစီသဘောကို စော်ကားရာရောက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာချက်ဟာ နိုင်ငံတကာရဲ့ တထီးတည်းဖြစ်မှုမှ ကင်းရှင်းဖို့နဲ့ အာဆီယံ၊ အခြားဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။
ဒေသတွင်း အင်အားကြီးနိုင်ငံတွေက သံတမန်ရေးဖိအား ဖြေလျှော့ကာ အလှူရှင်နိုင်ငံတွေက ထိတွေ့ဆက်ဆံမှု ပြန် လည်စတင်ဖို့ မျှော်လင့်ကာ စစ်ကောင်စီက တိုးတက်မှု ပြလိုပါတယ်။ ဒါဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ အောင်မြင်မှုတွေနဲ့အတူ ယခင်အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ စစ်အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး ယုံကြည်ရလောက်တဲ့ အ တိုက်အခံတွေကို ပိတ်ပင်ကာ စစ်တပ်ကြီးစိုးသောရလဒ်ကို အာမခံချက်ပေးပြီး ရွေးကောက်ပွဲကို ကျင်းပ ခဲ့ပါတယ်။
ထိုဟန်ဆောင်မှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးကို အကန့်အသတ်ဖြင့် ပုံမှန် ပြန်ဖြစ်စေခဲ့ပေမယ့် ဒီမိုကရေစီ ခဏတာပြောင်းလဲမှုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့ပါ တယ်။ ထိုကာလမှ သင်ခန်းစာမှာ ရှင်းပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာ အသိအမှတ်ပြု ရွေး ကောက်ပွဲများမှ ရရှိထားသော တရားဝင်မှုမှန်သမျှကို အာဏာကို ဆုပ်ကိုင်ထားဖို့ အသုံးပြုလိမ့်မယ်။
မလေးရှားနိုင်ငံရဲ့ လက်ရှိခေါင်းဆောင်မှုအောက်မှာ အာဆီယံအဖွဲ့ဟာ အတိတ်ကာလအမှား တွေကို နောက်တစ်ကြိမ်မဖြစ်စေဖို့ ထူးခြားသော အခွင့်အလမ်းတစ်ရပ်နဲ့ တာဝန်ဝတ္တရား ရှိပါတယ်။ အာဆီယံအဖွဲ့ရဲ့ရပ်တည်ချက်ဟာ အရေးပါလာလိမ့်မယ်။ နိုင်ငံတကာလက်ခံတဲ့ စံနှုန်းတွေမပြည့်မီတဲ့ မည်သည့်ရွေးကောက်ပွဲကိုမဆို အာဆီယံအဖွဲ့က ပြတ်ပြတ်သားသား ပယ်ချရပါမယ်။
မည်သည့်မဲကိုမျှ အသိအမှတ်ပြုခြင်းမပြုမီ ခိုင်လုံတဲ့ ကြိုတင်သတ်မှတ်ချက်တွေကို ဦးစွာ တွန်း အားပေးဖို့ ဆိုလိုပါတယ်။ တွန်းအားပေးရမယ့်အထဲမှာ နိုင်ငံတော်အရေးပေါ်အခြေအနေ ရုတ်သိမ်းခြင်း၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးခြင်း၊ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ပြန်လည်ဆောင်ရွက်ခွင့်ပြုခြင်းနဲ့ ပိတ်ပင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည်ခွင့်ပြုတာတွေ ပါဝင်ပါ တယ်။
ဒါ့အပြင် မဲဆန္ဒရှင်မှတ်ပုံတင်ခြင်းမှ မဲရေတွက်ခြင်းအထိ ရွေးကောက်ပွဲအဆင့်တိုင်းမှာ နိုင်ငံတ ကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ပါဝင်ဖို့ အာဆီယံအဖွဲ့က လုပ်ဆောင်ရပါမယ်။ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို မြို့ပြဒေသအနည်းငယ်မှာသာ စံနမူနာအနေနဲ့ လုပ်ဆောင်လို့မရဘဲ အများယုံကြည်လက်ခံကာ ရွေးကောက်ပွဲလုပ်ငန်းစဉ် တည်တံ့မှုကို အသိအမှတ်ပြုနိုင်ရပါမယ်။
အာဆီယံအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက ထိုကိစ္စကိုဉီးဆောင်ဖို့ ရှိနေပါတယ်။ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တရားမျှတမှုနဲ့ လူ့အခွင့်အရေး ဒေသတွင်းကိစ္စရပ်တွေမှာ ပွင့်လင်းစွာ ပြောဆိုလို တဲ့ဆန္ဒကို ပြသခဲ့ပါတယ်။
မလေးရှားအစိုးရက မြန်မာရွေးကောက်ပွဲအပေါ် ခိုင်မာတဲ့ရပ်တည်ချက်နဲ့ပတ် သက်လို့ အာဆီယံ ဘုံသဘောတူညီချက်ကို လှုံ့ဆော်ဖို့ လုပ်ဆောင်သင့်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ဟာ မြန်မာအကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံအဖွဲ့ရဲ့ လမ်းညွှန်မူဘောင်အဖြစ် ဆက်ရှိနေပါတယ်။ မြန်မာစစ်ကောင်စီက ပြစ်ဒဏ် မှသက်ညှာခွင့်ရနေမှုနဲ့အတူ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ဖို့ မသိကျိုးကျွန်ပြုခဲ့ ပါတယ်။
အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီရဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် မလိုက်နာမှုအ တွက် အကျိုးဆက်တွေ မသတ်မှတ်ရင် အဆိုပါတူညီဆန္ဒဟာ အဓိပ္ပာယ်မရှိ ဖြစ်လာပါတယ်။
အတုအယောင် ရွေးကောက်ပွဲတစ်ခုကို ထောက်ခံဖို့ ငြင်းဆန်တာဟာ အာဆီယံအဖွဲ့ရဲ့ သံခင်းတမန်ခင်းမှာ အ များယုံကြည်လက်ခံနိုင်စွမ်း ပြန်လည်ရရှိဖို့ ပထမအဆင့် ဖြစ်လာပါလိမ့်မယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ရပါမယ်။ အနောက်နိုင်ငံ အစိုးရတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံစုံအဖွဲ့အစည်းတွေက ပြတ်သားသော ကြေညာချက်တစ်ရပ် ထုတ်ပြန် သင့်ပြီး မျှတသောလုပ်ငန်းစဉ်မရှိဘဲ မည်သည့်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသင့်ပါ၊ ဒီမိုကရေ စီစံနှုန်းတွေ ပြန်မရမချင်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ရှိသင့်ပါတယ်။
အရေးကြီးဆုံးမှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကို တိုးချဲ့ရမှာဖြစ်ပြီး ကိုယ်ကျိုးသုံးဖို့ အကူအညီ တွေကို လမ်းကြောင်းပြောင်းထားတဲ့ စစ်ကောင်စီမှမဟုတ်ဘဲ အမှီအခိုကင်းသော ကြားနေသူများမှတစ် ဆင့် ပေးပို့ရမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလူနည်းစုအုပ်စုတွေနဲ့ အရပ် ဘက်အဖွဲ့အစည်းတွေဟာ မည်သည့် နိုင်ငံရေးလမ်းညွှန်မြေပုံတွင်မဆို ပါဝင်ရပါမယ်။
ထိုဇာတ်ကောင် တွေဟာ နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးတွေထက် ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံ အတွက် တာရှည်ခံသော အနာဂတ်တစ်ရပ်ကို ပြည်သူ့ဆန္ဒ ကိုယ်စားပြုသူတွေကို ချန်လှပ်ထားပြီး တည် ဆောက်လို့မရနိုင်ပါဘူး။
လောင်းကြေးတွေက မြင့်ပါတယ်။ မသမာသော ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲ ဒုက္ခကို ရှည်စေရုံသာမက ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ဒေသမှာ အာဏာရှင်စနစ်ကို အမြစ် တွယ်စေနိုင်ပါတယ်။
မြန်မာပဋိပက္ခဟာ ပြည်တွင်းရေးတစ်ခု မဟုတ်ဖူးဆိုတာကို အခြားပြည်တွင်းရေး မစွက်ဖက်ရေးမူ ကိုင်စွဲထားတဲ့ အာဆီယံအဖွဲ့က လက်ခံရပါမယ်။ မြန်မာ့အရေးဟာ ဒေသတွင်းတည် ငြိမ်မှု၊ ဒုက္ခသည်စီးဆင်းမှုနဲ့ အာဆီယံဂုဏ်သိက္ခာကို ခြိမ်းခြောက်နေပါတယ်။
အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မသမာသော ရွေးကောက်ပွဲတစ်ခုအတွက် တရား ဝင်မှု ပေးမည်ဆိုပါက ၎င်းတို့သည် စစ်အစိုးရရဲ့ လှည့်စားမှုမှာ ရောထွေးသွားမည်ဖြစ်သည်။
သို့သော် လည်း အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးပါဝင်မှုနဲ့ ဒီမိုကရေစီ ကာကွယ်စောင့် ရှောက်ဖို့ ရှင်းလင်းသော အခြေအနေများ သတ်မှတ်ပါက မြန်မာနိုင်ငံကို တရားမျှတပြီး ငြိမ်းချမ်းသော အဖြေရှာမှုဆီ အရောက်လှမ်းနိုင်ရေး ကူညီနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာကြီးက မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲလှည့်ကွက်ထဲ ကျရောက်လို့မရပါဘူး။ မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းယောင်ဆောင်တဲ့ စစ်အုပ်ချုပ်ရေးအောက် ကျရောက်လို့မ ရတဲ့ စစ်မှန်သော ရွေးချယ်မှုတစ်ခု ထိုက်တန်သူတွေဖြစ်ပါတယ်။
Dr. Azeem Ibrahim ရေးသားထားတဲ့ Myanmar’s Sham Election Plan Is A Dangerous Ruse ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
TTZ ဘာသာပြန်သည်