သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာတွင် ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ခန့်ရှိအမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
“မင်းဒပ်ရွာအပြင်ဘက်မှာထိတာ ဆိုင်ကယ်စီးလာရင်းထိတာဆိုတော့ လူရောဆိုင်ကယ်ရော ဘာမှတော့သိပ်မဖြစ်ဘူး၊ ဒဏ်ရာအနည်းအကျဉ်းပဲရတယ်” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် မင်းဒပ်ရွာက နေအိမ်အားလုံးနီးပါးကို သော့ရိုက်ဖွင့်ရှာဖွေထားပြီး ဆိုင်ကယ်ငါးစီးကို ယူဆောင်သွားသဖြင့် ဦးမောင်သိန်းက ဝင်းဝစခန်းတွင် သွားရောက်ထုတ်ပြီးအပြန်တွင် မိုင်းစထိမှန်ခဲ့တာဖြစ်သည်ဟု မင်းဒပ်ရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆိုင်ကယ်သွားထုတ်တာ မရလာဘူး၊ သူကလည်း အရက်ကမူးနေတယ် စစ်တပ်က အဲ့လမ်းကပြန်ဆိုပြီးညွှန်ပေးလိုက်တော့ သူကအဲ့လမ်းကပြန်လာတာမှာ အရင်ဆုံးခွေးကဖြတ်ပြေးလို့ မိုင်းထပေါက်တာ၊ သူ့ကိုက အစနည်းနည်းပါးပါးလာစင်တာလောက်ပဲ၊ ကျွန်တော်တို့ပြေးတက်လာကြည့်ချိန် သူက အရက်တောင်ပြန်ထိုင်သောက်နေပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။
စစ်ကောင်စီတပ် မင်းဒပ်ရွာအတွင်း တစ်လခန့်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး ယင်းကာလအတွင်း နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေခဲ့ကြောင်း၊ ယင်းအချိန်တွင် နှစ်ဖက်တပ်ဖွဲ့များ မိုင်းထောင်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယခုမိုင်းပေါက်ကွဲသည့် နေရာသည် စစ်ကောင်စီတပ်စွဲခဲ့သည့်ဝန်းကျင်ဖြစ်ပြီး ယင်းနေရာတွင် KNLA ကမိုင်းထောင်ထားသဖြင့် ယင်းနေရာအနီးတဝိုက်ကို မသွားလာကြဖို့ ဒေသခံများကို သတိပေးထားပြီးဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်ကဆိုသည်။
“ကျွန်တော်ကိုယ်တိုင်ဆေးတပ်ဖွဲ့ခေါ်ပြီး ဆေးထည့်ပြီးမေးတာပါ။နောက်နောင်မဖြစ်ဖို့ဆုံးမခဲ့တယ်။ နောက်ဆိုခွင့်မလွှတ်ဘူးလို့။ အများပြည်သူသွားလာတဲ့နေရာ ဘယ်တော့မှမိုင်းမထောင်ဘူး။ ထောင်တဲ့နေရာတွေ လုံးဝမသွားဖို့ဘယ်နေရာမှဘယ်ထိ။ ပြောပြထားပြီးသားပါ” ဟု စောဘဦးသစ်က ပြောသည်။

ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက ဝင်းဝစခန်းအနီးက မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)တို့ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ မင်းဒပ်ရွာမှ ပြန်လည်ဆုတ်ခွာသွားသည်။
စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသဖြင့် KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)တပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် မင်းဒပ်ရွာကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ယင်းအချိန် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိသဖြင့် တပ်ဖွဲ့ဝင်တစ်ဦး ခြေတစ်ဖက်ပြတ်သွားခဲ့သည်။
မနေ့က တစ်ရက်တည်းမှာပင် မြေမြုပ်မိုင်းနင်းမိသူ နှစ်ဦးရှိလာသဖြင့် မင်းဒပ်ရွာက စစ်ဘေးရှောင်များ နေရပ်ပြန်နေမရကြသေးကြောင်း၊ KNLA တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး ပြန်လည်နေထိုင်ရန် ခွင့်ပြုမှသာ ရွာတွင် ဝင်ရောက်နေထိုင်နိုင်မည်ဟု မင်းဒပ်ရွာဒေသခံအချို့က ဆိုသည်။
စစ်ကောင်စီတပ်က မင်းဒပ်ရွာကို မေလ ၂၆ ရက်မှာ စစ်ကြောင်းဝင်ခဲ့ပြီး မေလ ၂၈ ရက်မှ ဇွန်လ ၂၆ ရက်အထိ တစ်လခန့်ကြာ တပ်စွဲနေထိုင်ခဲ့သည်။