စနေနေ့က ဘန်ကောက်မြို့လယ် ဆန္ဒပြပွဲမတိုင်ခင် ဇွန်လ ၁၈ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖနွမ်းပင်ကနေ လူထောင်ပေါင်းများစွာရဲ့ ဆန္ဒပြကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
“ကမ္ဘောဒီးယားက ပိုင်တဲ့မြေ။ သူများနယ်မြေ ငါတို့ မယူဘူး။ ငါတို့နယ်မြေ ငါတို့ ပိုင်တယ်”
တင်းမာမှုအရှိန်မြင့်လာတဲ့ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ပြဿနာမှာ ကမ္ဘောဒီးယားအစိုးရကို ထောက်ခံကြောင်း ပြသဖို့ အစိုးရကိုယ်တိုင်စီစဉ်တဲ့ ဆန္ဒပြပွဲမှာ နိုင်ငံသားထောင်ချီ စုဝေးခဲ့ကြပါတယ်။
ကမ္ဘာ့ထိပ်တန်းအဖော်ရွေဆုံးနိုင်ငံများစာရင်းမှာ ဖော်ပြခံရတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ ထိုင်း – ကမ္ဘောဒီးယား ဆက်ဆံရေးဟာ မပျက်စီးနိုင်တော့ဘူးလို့ နှစ်နိုင်ငံစလုံးက ထင်ခဲ့ကြပုံပါပဲ။
“ကျွန်တော်တို့ နှစ်နိုင်ငံဟာ ရှည်လျားတဲ့ နယ်နိမိတ်ထိစပ်မှု ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အတူယှဉ်တွဲနေထိုင်ပြီး အတူတကွတိုးတက်ရမယ်ဆိုတာ ကျွန်တော်တို့ နှစ်နိုင်ငံစလုံးက သိကြပါတယ်”
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ပန်ယာရတ်ပူးလ်ထွတ်ကိုယ်တိုင် အဲဒီအချိန်တုန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောခဲ့တဲ့စကား ဖြစ်ပါတယ်။
“ဖြစ်ပေါ်လာနိုင်တဲ့ ဘယ်ပြဿနာကိုမဆို ဖြေရှင်းဖို့အတွက် နိုင်ငံရေးစိတ်ဆန္ဒက အမြဲရှိနေမှာပါ”
ဒါပေမဲ့ တကျော့ပြန်ခေါင်းထောင်လာတဲ့ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဟာ မေလ ၂၈ ရက်နေ့မှာ မြတြိဂံနယ်မြေကနေ ထွက်ပေါ်လာတဲ့ သေနတ်သံနဲ့အတူ စတင်လာခဲ့ပါတယ်။
မြတြိဂံက သေနတ်သံ
ထိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို ၃ နိုင်ငံ နယ်နိမိတ်ထိစပ်နေလို့ ‘မြတြိဂံ’ လို့ ခေါ်ဝေါ်ကြတဲ့ နယ်ခြားဒေသမှာ မေလ ၂၈ ရက်နေ့တုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ ကမ္ဘောဒီးယားဆီးနိတ်လွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က “စစ်ပွဲ’’ဆိုတဲ့ စကားလုံးကို စတင်သုံးလာခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ စစ်ပွဲကို မုန်းတယ်။ ဒါပေမဲ့ နိုင်ငံခြားကျူးကျော်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ကျွန်တော်တို့ဟာ စစ်ပွဲကို မဖြစ်မနေ ဆင်နွှဲရတော့တာပဲ”
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။
“ထိုင်းပြည်သူတွေဟာ စည်းလုံးညီညွတ်တယ်။ ဘယ်နိုင်ငံ ၊ ဘယ်အဖွဲ့အစည်းရဲ့ နှိပ်စက်မှု ၊ စွပ်စွဲမှုနဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်မတို့ သည်းခံနေမှာ မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံက ဂုဏ်သိက္ခာရှိတယ်။ ကျွန်မတို့နိုင်ငံက အင်အားလည်းရှိတယ်”
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အငြင်းပွားနယ်စပ်ဧရိယာကို ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးက စစ်တပ်အင်အားတိုးမြှင့်ချထားခဲ့ပါတယ်။ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာ ၊ နယ်စပ်ဖြတ်သန်းခွင့်ပြုချိန် လျှော့ချလိုက်တာ ၊ ထိုင်းက ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်ဖို့ ဆော်ဩတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ ကုန်းမြေနယ်စပ်တစ်ခုလုံးကို ပိတ်ချလိုက်ပါတယ်။ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အင်တာနက်လိုင်းတွေကိုလည်း ထိုင်းအစိုးရက ပိတ်ပစ်လိုက်ပါတယ်။ ကမ္ဘောဒီးယားကလည်း သူ့နိုင်ငံထဲ တင်သွင်းနေတဲ့ ထိုင်းကုန်စည် ၊ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့ကို သပိတ်မှောက်ခဲ့ပါတယ်။
လက်ရှိအပူရှိန်တက်နေတဲ့ နယ်စပ်ပြဿနာကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကတစ်ဆင့် ဖြေရှင်းဖို့ ကမ္ဘောဒီးယားဘက်က ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ပေးမှာကို ထိုင်းနိုင်ငံက လက်မခံပါဘူး။
ဖနွမ်းပင်မြို့မှာ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြတဲ့ ဇွန်လ ၁၈ ရက်နေ့မှာပဲ ထိုင်းနိုင်ငံရေးကို ဆူပွက်သွားစေတဲ့ ဖုန်းခေါ်ဆိုမှုအသံဖိုင်တစ်ခု ပေါက်ကြားလာခဲ့ပါတယ်။
နယ်စပ်ပြဿနာအရေးနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်က ဖခင်ဖြစ်သူ သက်ဆင်နဲ့ ရင်းနှီးတဲ့ ဟွန်ဆန်ကို ဖုန်းခေါ်ဆိုခဲ့တဲ့ အသံဖိုင်ပဲ ဖြစ်ပါတယ်။
ပန်ဒိုရာ အသံဖိုင်
အဝါရောင်ဟာ ထိုင်းဘုရင်စနစ်နဲ့ ခိုင်ခိုင်မာမာ ဆက်နွှယ်နေတဲ့ အရောင် ဖြစ်ပါတယ်။
ပေထုန်တန်နဲ့ ဟွန်ဆန်တို့ကြားက ဖုန်းခေါ်ဆိုမှု အသံဖိုင်ပေါက်ကြားလာပြီးတဲ့နောက် ဇွန်လ ၂၈ ရက် စနေနေ့မှာ ဘန်ကောက်မြို့လယ်က အနုစာဝါရီလို့ လူသိများတဲ့ နေရာမှာ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူတော်တော်များများဟာ ထိုင်းဘုရင်စနစ်ကို ထောက်ခံတဲ့ ရှပ်ဝါလှုပ်ရှားမှုရဲ့ ဦးဆောင်သူ မျက်နှာဟောင်းတွေ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက မကြာသေးခင်က ပေါက်ကြားလာခဲ့တဲ့ အသံဖိုင်ကြောင့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။ အသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို “ဦးလေး” လို့ ခေါ်ဝေါ်ခဲ့ပြီး ဟွန်ဆန်ရဲ့သဘောကို လိုက်လျောလွန်းတဲ့ ပုံစံပေါက်နေခဲ့ပါတယ်။ ထိုင်းရဲ့ နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးဟာ ဒီပြဿနာကို အသုံးချပြီး သူ့ကို လူကြိုက်များအောင် လုပ်နေတာ ဖြစ်တယ်လို့ ပေထုန်တန်က ပြောထားပါတယ်။
ဒါ့အပြင် သူ့အစိုးရနဲ့ စစ်တပ်နဲ့ သဘောထားမတူဘူးဆိုတဲ့ သဘောမျိုး ဟွန်ဆန်ကို ပြောခဲ့တာကြောင့် ထိုင်းစစ်တပ်တစ်ခုလုံးကို စော်ကားတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ စွပ်စွဲမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီအသံဖိုင် ပေါက်ကြားလာခဲ့ပြီးနောက်မှာ ထိုင်းစစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေနဲ့ လူထုအများစုက ပေထုန်တန်ကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။
“ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့မှာ ဒီလို ပျော့ညံ့လွန်းတဲ့ ဝန်ကြီးချုပ်မျိုး မရှိခဲ့ဖူးဘူး”
စနေနေ့က ဘန်ကောက်မြို့ ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ကနေ ညလုံးပေါက်ရထားစီးလာခဲ့သူ တစ်ယောက်က အခုလို ပြောပါတယ်။
“ကျွန်တော်တို့က ဘယ်သူ့ကိုမှ ကျူးကျော်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ထိုင်းလူမျိုးတွေ ဖြစ်တယ်။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်လိုစိတ်ရှိတယ်ဆိုတာကိုတော့ပြောချင်ပါတယ်”
စနေနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ကြတဲ့ ရှပ်ဝါလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေဟာ သက်ဆင်မိသားစုကို ကာလရှည်ဆန့်ကျင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။
မဝေးသေးတဲ့ ထိုင်းနိုင်ငံရေးအတိတ်မှာ ရှပ်ဝါဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ် ၊ ၂၀၁၄ ခုနှစ်တွေမှာ ရှပ်ဝါဆန္ဒပြပွဲတွေကတစ်ဆင့် စစ်အာဏာသိမ်းမှုဆီ ဦးတည်သွားခဲ့ပြီး သက်ဆင်နဲ့ သူ့ညီမ ယင်လပ်ရှင်နာဝပ်တို့ရဲ့ အရွေးကောက်ခံအစိုးရတွေ ဖြုတ်ချခံခဲ့ရဖူးပါတယ်။
လက်ရှိထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် စစ်တပ်က အာဏာပြန်သိမ်းမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန် ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်ဆူဗာရီက လတ်တလောအခြေအနေအရ စစ်တပ်အနေနဲ့ အာဏာသိမ်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
”ဘုရင့်တပ်မတော်အနေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက်ကိုပဲ အာရုံစိုက်နေပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားဖို့ စစ်တပ်က အသင့်ရှိနေပါတယ်” လို့ ဗိုလ်ချုပ်ဝင်ထိုင်ဆူဗာရီက ဆိုပါတယ်။
ဟွန်ဆန်ရဲ့ တုံ့ပြန်မှု
ဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြတဲ့ စနေနေ့မှာပဲ ဟွန်ဆန်က သူ့နိုင်ငံရဲ့ နယ်နိမိတ်ကို ပြည်ပကျူးကျော်သူတွေရဲ့ ရန်ကနေ ကာကွယ်သွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။ ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ဟာ ကမ္ဘောဒီးယားရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်ဂုဏ်သိက္ခာအပေါ် စော်ကားမှု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ဒီသနားစရာကောင်းတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်ပကျူးကျော်မှု ၊ စစ်ပွဲနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ခံစားခဲ့ရတယ်။ ဒီနိုင်ငံဟာ အတိတ်မှာတုန်းက အထီးကျန်အဆက်ဖြတ်ခံခဲ့ရတယ်။ အစော်ကားခံခဲ့ရတယ်။ အခု ကမ္ဘောဒီးယားဟာ အခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလာပြီ” လို့ ဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူ့ပါတီရဲ့ ၇၄ နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယား – ထိုင်း ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေတဲ့ ပိုင်နက်အငြင်းပွားမှုပြဿနာဟာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။
၁၉၆၂ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က လက်ရှိပိုင်နက်အငြင်းပွားနေတဲ့ ဖရာ့ဝိဟာဘုရားကျောင်း တည်ရှိတဲ့ နယ်စပ်ဧရိယာကို ကမ္ဘောဒီးယားကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက အခုထိ မကျေမနပ်ဖြစ်နေဆဲပါပဲ။
၂၀၁၁ ခုနှစ်မှာလည်း နှစ်နိုင်ငံစစ်တပ်တွေအကြားမှာ ထုံ့ပိုင်းထုံ့ပိုင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
သက်ဆင်ရဲ့ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်လက်ထက် ၂၀၁၃ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာတရားရုံးက ၁၉၆၂ ခုနှစ်က ဆုံးဖြတ်ချက်ကိုပဲ ထပ်မံအတည်ပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်က နုနု ၊ မုန်တိုင်းက ထန်ထန်
ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားလာမှုက ပေထုန်တန်အစိုးရရဲ့ အရှိုက်ကို ထိုးလိုက်ပါတယ်။
အင်အားအကြီးဆုံး မဟာမိတ်ပါတီဖြစ်တဲ့ ဖွန်ကျန်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရထဲကနေ နုတ်ထွက်သွားပါတယ်။
ဒါကြောင့် ပေထုန်တန်အစိုးရရဲ့ လွှတ်တော်ထဲ အသာစီးရမှုက များစွာ လျော့ကျသွားခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်နဲ့ ဆက်စပ်ပြီး ပေထုန်တန်ကို ကျင့်ဝတ်ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားအကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။အပြီးသတ်ဆုံးဖြတ်ချက် ထွက်ပေါ်လာမယ့်နေ့ကိုတော့ ကော်မရှင်က မထုတ်ပြန်သေးပါဘူး။
ပေါက်ကြားလာတဲ့ အသံဖိုင်ကြောင့် ပေထုန်တန်ကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုတဲ့ အမှုတစ်ခုကို လက်ခံကြားနာသွားဖို့ရှိမရှိဆိုတာကိုလည်း ထိုင်းအခြေခံဥပဒေခုံရုံးက လာမယ့်အပတ်မှာ ဆုံးဖြတ်နိုင်ခြေရှိတယ်ဆိုတာကိုလည်း သတင်းတွေက ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ်ဖြစ်လာတာ တစ်နှစ်မပြည့်သေးတဲ့ ပေထုန်တန်ကတော့ ဒီအတွက်စိုးရိမ်နေတာမျိုးမရှိဘဲ သူမကို ကာကွယ်ဖို့ သက်သေအထောက်အထားတွေ တရားရုံးမှာ တင်ပြသွားမယ်လို့ ဆိုပါတယ်။
“ကျွန်မမှာ ဘာကိုယ်ပိုင်အကျိုးအမြတ်မှ ရစရာမရှိဘူးဆိုတာ ဖုန်းခေါ်ဆိုမှုအသံဖိုင်မှာကတည်းက ရှင်းပြီးသားပါ။ တိုင်းပြည်ကို ထိခိုက်အောင် ကျွန်မ လုပ်ခဲ့တာ မရှိဘူး” လို့ ပေထုန်တန်က ပြောပါတယ်။
သူမအရင်က ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဆေထာထဝီဆင်ကိုလည်း ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ထိုင်းအခြေခံဥပဒေခုံရုံးက မနှစ်ကမှ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ဘုရင်စနစ်ကို ထောက်ခံကာကွယ်ပေးတဲ့ ယန္တရားတွေအဖြစ် ရှုမြင်ခံရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေကို အားနည်းသွားအောင် လုပ်ဖို့ ၊ ရပ်တန့်သွားအောင် လုပ်ဖို့ အသုံးချခံရတဲ့ ယန္တရားတွေအဖြစ် ရှုမြင်ခံရပါတယ်။
အာဆီယံအတွက် မြတြိဂံတစ္ဆေ
ကမ္ဘာ့ဘဏ်ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားရဲ့ တတိယမြောက်အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ မေလ ၂၈ ရက် ပစ်ခတ်မှုနောက်ပိုင်းမှာ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာ ၊ ကုန်ပစ္စည်းတွေကို သပိတ်မှောက်တာက ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ခွန်ကြောင့် စီးပွားရေးအရ ရုန်းကန်နေရပါတယ်။ ဒီလို ရုန်းကန်နေရတဲ့ အခြေအနေမှာ မြတြိဂံဒေသ နယ်စပ်ပြဿနာနဲ့အတူ ထိုင်းနိုင်ငံရေးလည်း မငြိမ်မသက် ဖြစ်လာခဲ့ပါတယ်။
ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခဟာ မြန်မာပြည်အကျပ်အတည်းကို မဖြေရှင်းနိုင်လို့ ဖိအားအောက် ရောက်နေတဲ့ အာဆီယံအဖွဲ့အတွက် နောက်ထပ်ဖိအားတစ်ခုအနေနဲ့ ဘူးလေးရာ ဖရုံဆင့်လိုက်ပါတယ်။
အားလုံးဘုံသဘောတူဆုံးဖြတ်ရေးနဲ့ ပြည်တွင်းရေးကြားဝင်မစွက်ဖက်ရေးမူကို ကိုင်စွဲထားတဲ့ အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြတြိဂံနယ်စပ်ပြဿနာကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဆုံးဖြတ်ပေးဖို့ ကမ္ဘောဒီးယားက လိုလားပေမယ့် ထိုင်းကတော့ ဒါကို ဆန့်ကျင်ပါတယ်။ ဒါက အာဆီယံအဖွဲ့ရဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ် နှစ်နိုင်ငံစလုံးက အယုံအကြည်မရှိဘူးဆိုတာကို ပြသနေတာပဲလို့ ဆိုပါတယ်။
ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား စစ်မဖြစ်အောင် တားဆီးရေးဆိုတဲ့ အာဆီယံအဖွဲ့ရဲ့ ရည်မှန်းချက်ကိုလည်း အားနည်းစေပါတယ်။ ဒီပြဿနာကြောင့် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။
အာဆီယံအနေနဲ့ ထရမ့်ရဲ့ ကုန်သွယ်ခွန်တွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ အစုအဖွဲ့တစ်ခုအနေနဲ့ တစုတစည်းတည်း လက်တွဲလုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ထိုင်း – ကမ္ဘောဒီးယား ပဋိပက္ခဆက်လက်ဆိုးရွားလာတာက ထရမ့်အစိုးရရဲ့ ကုန်သွယ်ခွန်ဒဏ်ကို ရင်ဆိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ အတူတကွလက်တွဲလုပ်ဆောင်မှုကိုလည်း ကျဆင်းစေမှာပါ။ တောင်တရုတ်ပင်လယ်အရေး တင်းမာမှု ၊ အမေရိကန် – တရုတ် အားပြိုင်မှု ၊ မြန်မာ့အရေး အကျပ်အတည်းတွေအကြား အာဆီယံရဲ့ စည်းလုံးမှုအနေအထားကို မေလ ၂၈ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ မြတြိဂံက သေနတ်သံတွေက ခြောက်လှန့်နေပါတယ်။
Ref: Bangkok ၊ Associated Press ၊ CNA ၊ Time Magazine
ဈာန်ဟိန်း







