ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးပါ အသုံးပြုနေသည့်အတွက် နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသည့်ဧရိယာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးအကြီး ၂ လုံးနှင့် ဗုံးအသေး ၁၀ လုံးထက်မနည်းကြဲချခဲ့ကြောင်း KTLA-tcjf (ကော်သူးလေအာမီ) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“လေကြောင်းက ဒီနေ့(၂၈ရက်)လာတယ်။ဗုံးကျတာက သူတို့(စစ်ကောင်စီ)တပ်ရှိရာ နေရာကိုပဲ ကျသွားတယ်။ ခေါင်းတွေပွင့်ပြီးသေသူကသေ၊ဝမ်းဗိုက် ထိသူကထိ အစုံပဲ”ဟုတိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသွားကြောင်း အသက် ၄၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ပွဲကလည်း တအားကြမ်းတယ်။အနီးကပ်ပစ်ကြပြီး မိုးကလည်းတအားရွာနေတယ်။ခုနကမှ တိုက်ပွဲပြီးတော့ ကျွန်တော်တို့ဘက်က ထိခိုက်မှုကို အတိအကျမသိရသေးဘူး”ဟု အထက်ပါတပ်ဖွဲ့ဝင်က ဇွန်လ ၂၈ ရက်ညနေတွင် ပြောသည်။
ဇွန်လ၂၇ရက်နေ့ကလည်း သိန်ခွန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဘက်က ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
သိန်ခွန်းကျေးရွာဝန်းကျင်တွင် KTLA-tcjf (ကော်သူးလေအာမီ)၊ KNLA တပ်ရင်း ၁၁၊ မြိတ်ခရိုင်တပ်ရင်း ၃ နှင့် ပူးပေါင်းစစ်ကြောင်းတို့က ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည်မှာ ၄ ရက် ဆက်တိုက်ရှိလာပြီဖြစ်သည်။