BREAKING
November 3, 2025

ရွိုင်းဗောလ်ကို အနိုင်ယူပြီး ခါးပတ်လုပွဲထိုးခွင့် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် အရယူသွားခဲ့ပြီ

June 29, 2025

Photo - UFC

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ Ranking 1 နေရာဆီမှာ ရပ်တည်နေတဲ့ ရွိုင်းဗောလ်ကို အမှတ်ဆုံးဖြတ်ချက်နဲ့ အနိုင်ယူပြီး UFC မှာ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးစိုက်ထူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အရမ်းကို အားရကျေနပ်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ရဲ့တိုက်စစ်ဖွင့်ပြီး ထိုးခဲ့ပုံတွေက တကယ့်ကို အားရစရာပါပဲ။ အရပ်အားဖြင့် ၄ လက်မလောက် အသာစီးရနေခဲ့တာက ရွိုင်းဗောလ်အတွက် ကြီးမားလှတဲ့အားသာချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမပွဲချီမှာတော့ ကစ်ဘောက်ဆင် ကစားတာ အရမ်းပဲ တိုးတက်လာခဲ့တဲ့ ဂျိုရှူအာဗန် က လက်သီးချက်တွေ တရစပ်ပစ်လွှတ်ပြီး ရွိုင်းဗောလ်ကို ဖိအားပေးခဲ့ပါတယ်။ ရွိုင်းဗောလ်ကတော့ Jab တွေကို အားပြုကစားခဲ့ပါတယ်။ ဂျိုရှူအာဗန်ရဲ့ Combo တွဲလုံးတွေ၊ ညာလက်သီးချက်တွေဟာ ရွိုင်းဗောလ်ကို အတော်ပဲ အထိနာစေခဲ့ပါတယ်။

ဒုတိယပွဲချီကလည်း အရမ်းကို ကြည့်ကောင်းခဲ့ပါတယ်။ ရွိုင်းဗောလ်ဟာ ဒီတစ်ကြိမ်မှာတော့ အသာစီးကနေ ပြန်လုပ်တာတွေ ရှိခဲ့ပါတယ်။ ဂျိုရှူအာဗန် ဟာ သူ့ရဲ့လက်သီးတွဲလုံးတွေကို ယုံကြည်မှုအပြည့်ထားပြီးတော့ပဲ တန်ပြန်ခဲ့တာပါ။ ရွိုင်းဗောလ်ဟာ ဒုတိယပွဲချီမှာတော့ Jab တွေကို ပထမပွဲချီတုန်းကထက် ပိုကောင်းအောင် ထိုးလာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျိုရှူအာဗန် နောက်ဆုတ်ရတာတွေရှိခဲ့တာကို မြင်ခဲ့ရပါတယ်။

တတိယပွဲချီမှာတော့ ဂျိုရှူအာဗန် က လက်သီးမိုး ရွာချလိုက်ပါတော့တယ်။ ရွိုင်းဗောလ်ရဲ့မျက်နှာဟာ သွေးချင်းချင်းနီတဲ့အထိ ဖြစ်သွားခဲ့ပြီး လှုပ်ရှားမှုပိုင်းဆိုင်ရာတွေကလည်း နှေးကွေးလေးလံသွားခဲ့ပါတယ်။ လက်သီးချက်တွေ၊ Jab တွေကလည်း ဒုတိယအချီတုန်းကလောက် ထိရောက်မှု မရှိတော့ပါဘူး။ နှစ်ယောက်ချင်း ဆိုင်ထိုးပြိုင်ထိုးချိန်မျာ ဂျိုရှူအာဗန်ရဲ့လက်သီးချက်ကြောင့် ရွိုင်းဗောလ် လဲကျသွားခဲ့ပြီး ဒီအချိန်မှာ ဂျိုရှူအာဗန်က အထက်ကနေပြီး ရွိုင်းဗောလ်ရဲ့မျက်နှာကို လက်သီးချက်တွေ စိတ်ကြိုက်ဆိုသလို ပစ်လွှတ်လိုက်ပါတော့တယ်။

ပွဲပြီးချိန်မှာတော့ အလဲထိုးအဖြေ ထွက်ပေါ်မလာတဲ့အတွက် အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရပြီး အမှတ်ပေးဒိုင်လူကြီး ၃ ယောက်လုံးက ဂျိုရှူအာဗန် ကို ၂၉-၂၈၊ ၂၉-၂၈၊ ၃၀-၂၇ နဲ့ တညီတညွတ်တည်း အနိုင်ပေးလိုက်ပါတယ်။

ဂျိုရှူအာဗန်ဟာ မာနယ်ကိတ်ရဲ့နေရာကို Short Notice နဲ့ အစားဝင်ထိုးခဲ့ရပြီး ၃ ပတ်အတွင်း ၂ ပွဲ ထိုးခဲ့ရတာဖြစ်ပါတယ်။ Ranking 1 နေရာက ရွိုင်းဗောလ်ကို အနိုင်ရလိုက်တဲ့အတွက် ဂျိုရှူအာဗန် ဟာ ရှေ့လာမယ့်ပွဲစဉ်ကိုရောက်ရင် ချန်ပီယံရွှေခါးပတ်စိန်ခေါ်ပွဲ ထိုးရတော့မှာပါ။

နောက်ဆုံးထိုးတဲ့ ၅ ပွဲဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းကောင်းနဲ့အတူ မြန်မာဖိုက်တာတွေထဲကနေပြီး UFC မှာ ခါးပတ်လုပွဲထိုးခွင့်ရတဲ့ ပထမဆုံးဖိုက်တာဆိုတဲ့ဂုဏ်ပုဒ်ကိုလည်း သိပ်မကြာခင်မှာ ဂျိုရှူအာဗန်က ပိုင်ဆိုင်ရရှိတော့မှာပဲ ဖြစ်ပါတယ်။