BREAKING
October 21, 2025

ကံပေါက်တွင် အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်လာ

May 29, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် ယခုမေလအတွင်း အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၇ ရက်နှင့် ၂၈ ရက် ည သန်းခေါင်ကျော်အချိန်တွင် လှည်းကုန်းရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့ရှိ နေအိမ်နှစ်လုံး ဖောက်ထွင်းခံရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။

လှည်းကုန်းရပ်ကွက်က ဖောက်ထွင်းခံရသည့်အိမ်တွင် တယ်လီဖုန်းခိုးယူခံရပြီး သီရိမင်္ဂလာရပ်ကွက်တွင် ဖောက်ထွင်းခံရသည့်အိမ်တွင်မူ သူခိုးဝင်စဥ် အိမ်ရှင်များနိုးလာသဖြင့် ပစ္စည်းခိုးခံရခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။

“သူခိုးဝင်နေတုန်း အိမ်ရှင်က နိုးလာတယ်။ ရပ်ကွက်ကို အကူအညီတောင်းပြီး ဝိုင်းလိုက်တာ သူခိုးတော့မမိဘူး။ သူခိုးစီးလာတဲ့ ဆိုင်ကယ်တစ်စီးတော့ ကျန်ခဲ့တယ်” ဟု သီရိမင်္ဂလာရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည် ။

မေလ ဒုတိယအပတ်ကလည်း ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့တွင် အိမ်ဖောက်ထွင်းကာ ဆိုင်ကယ်လေးစီး ခိုးယူခံရကြောင်း ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဆိုင်ကယ်များကို ကလိန်အောင်မြို့နယ်၊ ဇင်းဘာရွာမှ ဆိုင်ကယ်လက်ခံဝယ်ယူထားသူတစ်ဦးထံတွင် ပြန်လည်ရရှိခဲ့ပြီး ဆိုင်ကယ်လာရောက်ခဲ့သူ အသက် ၂၀ ဝန်းကျင် ကံပေါက်ရွာက အမျိုးသားနှစ်ဦးကို ကံပေါက်နယ်မြေရဲစခန်းတွင် ဖမ်းထားကြောင်း ၎င်းတို့က ဆိုသည်။

“ဆိုင်ကယ်တွေတော့ ပြန်ရကြတယ်။ ဒါပေမဲ့ သူခိုးတွေကို ဘာလုပ်ထားလဲလို့ မေးကြည့်တာ တွေ့ခွင့်မရှိသလို ပြောပြလို့လည်း မရဘူးလို့ ရဲစခန်းကပြောတယ်” ဟု ဆိုင်ကယ်ခိုးခံရသူတစ်ဦး၏ ပြောပြချက်ကိုကား၍ ၎င်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည် ။

ကံပေါက်နယ်မြေရဲစခန်းတွင် ဖမ်းထားသူနှစ်ဦးအနက် လှည်းကုန်းရပ်ကွက်က အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကံပေါက်ရွာတွင် ဆေးရုံနှင့်နေအိမ်များဖောက်ထွင်းမှုဖြင့် မောရဝတီရေတပ်က ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ကျေးရွာမှ ပျောက်သွားသည့် အမျိုးသားခြောက်ဦးအနက် တစ်ဦးဖြစ်ကြောင်း ဆိုင်ကယ်ပျောက်သူများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ကံပေါက်ရွာတွင် ခိုးမှုများခပ်စိပ်စိပ်ဖြစ်လာပြီး မောရဝတီရေတပ်က ယင်းသို့ဖမ်းဆီးပြီးနောက် ခိုးမှုများ ဖြစ်ပွားသည်ဟု မကြားရတော့သော်လည်း ယခုနှစ် မေလတွင် ကံပေါက်ဒေသတွင် နေအိမ်ဖောက်ထွင်းခိုးမှုများ ပြန်ဖြစ်လာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။