BREAKING
May 30, 2025

ကန်အစိုးရ စွမ်းဆောင်ရည်ဌာနမှ အီလွန်မတ် နုတ်ထွက်တော့မည်

May 29, 2025

ဓာတ်ပုံ – Reuters

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သူ ဘီလျံနာသူဌေး အီလွန်မတ်သည် ၎င်းဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် X လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာသည်။

အီလွန်မတ်က ၎င်း၏ အထူးတာဝန် သတ်မှတ်ပြီးဆုံးသွားပြီ ဖြစ်ပြီး အပြုန်းအတီးများသည့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခွင့်ပေးသည့် သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်း ရေးသားပြောဆိုခဲ့သည်။

သို့သော် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) ၏ လုပ်ငန်းစဉ်များမှာ အချိန်နှင့်အမျှ အားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီလွန်မတ် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း အိမ်ဖြူတော်ကလည်း အတည်ပြုထားသည်။

မကြာသေးမီက ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကြား အငြင်းပွားခဲ့ကြပြီးနောက် အီလွန်မတ်၏ ရာထူးမှ နုတ်ထွက်မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနတွင် အီလွန်မတ် စတင်တာဝန်ယူခဲ့ပြီးနောက် ၎င်း၏ တက်စ်လာကားများ ရောင်းအားကျဆင်းကာ အမြတ်စွန်းများစွာ ဆုံးရှုံးခဲ့သည်။ ယင်းကြောင့် အမေရိကန်အစိုးရနှင့် လက်တွဲ အလုပ်လုပ်နေမှုကို သိသိသာသာ လျှော့ချသွားတော့မည်ဖြစ်ကြောင်း ယခုနှစ် ဧပြီလတွင် အီလွန်မတ်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Source: Fox News/ BBC