ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်များ ပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ယူကရိန်းဘက်သို့ ချပြသွားမည်ဟု ရုရှားအစိုးရက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
လာမည့် ဇွန်လ ၂ ရက်နေ့တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်မည့် ရုရုားနှင့် ယူကရိန်းအကြား ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အဆိုပါ မူကြမ်းကို ချပြသွားမည်ဟု သိရသည်။
ရုရှားဘက်မှ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယူကရိန်းဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။
ယူကရိန်းစစ်အဆုံးသတ်ရေးနှင့် ပတ်သက်၍ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ မကြာသေးခင် ရက်သတ္တပတ်များအတွင်း အရှိန်မြှင့်တက်လာခဲ့သည်။
ယခုနှစ် မေလ ၁၆ ရက်တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ယူကရိန်းနှင့် ရုရှားဘက်မှ နှစ်ဖက်ကိုယ်စားလှယ်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းမှာ ယူကရိန်းစစ်စတင်ဖြစ်ပွားပြီးနောက်ပိုင်း နှစ်ဘက်ကိုယ်စားလှယ်များအကြား ပထမဆုံး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
လာမည့် တိုက်ရိုက်ဆွေးနွေးပွဲတွင် ရုရှားဘက်မှ အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်မူကြမ်းနှင့် ပတ်သက်၍ လိုအပ်သည့် ရှင်းလင်းတင်ပြမှုများ ပြုလုပ်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က ဆိုသည်။
ဆွေးနွေးပွဲဖြစ်မြောက်ရန် ကူညီပေးသည့် တူရကီမိတ်ဘက်များကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားယဉ်ကျေးမှုဝန်ကြီးဟောင်းဖြစ်သူ နိုင်ငံရေးသိပ္ပံပညာရှင် မစ္စတာမက်ဒင်စကီက ဦးဆောင်သွားမည် ဖြစ်သည်။
မေလ ၁၆ ရက်နေ့ ပထမအကြိမ် ဆွေးနွေးပွဲတွင်လည်း ရုရှားကိုယ်စားလှယ်အဖွဲ့ကို ၎င်းပင် ဦးဆောင်ခဲ့သည်။
ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း နှစ်ဖက်စလုံးကို ဖိအားပေးလျက် ရှိသည်။
Source: AFP