BREAKING
May 30, 2025

တရုတ်ကျောင်းသားဗီဇာအားလုံးကို အမေရိကန် ပယ်ဖျက်သွားမည်

May 29, 2025

ဓာတ်ပုံ - AP/Kyodo

အမေရိကန်အစိုးရက တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ကြေညာလိုက်သည်။

ယင်းမှာ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အမေရိကန်အဆင့်မြင့်ပညာရေးအပေါ် ထရမ့်အစိုးရ၏ ထိုးနှက်တိုက်ခိုက်မှုဖြစ်သည်။

ကမ္ဘာအနှံ့မှ ကျောင်းသားများအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို ရပ်ဆိုင်းမည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ဝေဖန်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများတွင် တရုတ်ကျောင်းသားများမှာ အများဆုံးဖြစ်သည်။

တရုတ်ကျောင်းသားများ၏ ဗီဇာဖျက်သိမ်းမှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုသည်။

ယင်းသို့ ဗီဇာဖျက်သိမ်းခံရမှုတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ကျောင်းသားများ ၊ နိုင်ငံရေးအရ အရေးကြီးဘာသာရပ်များကို လေ့လာနေသည့် တရုတ်ကျောင်းသားများလည်း အပါအဝင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဗီဇာထုတ်ပေးသည့် သတ်မှတ်ချက်များကိုလည်း ပြင်ဆင်ပြောင်းလဲသွားမည်ဟုလည်း ၎င်းက ပြောသည်။

ယင်းမှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်မှ ကျောင်းသားများ၏ နောက်ထပ်ဗီဇာလျှောက်ထားမှု အားလုံးကို တိုးမြှင့်စောင့်ကြည့်စစ်ဆေးသွားရန် ရည်ရွယ်ကြောင်း သိရသည်။

တရုတ်ကျောင်းသားများအပေါ် ထရမ့်အစိုးရ၏ တိုက်ခိုက်မှုကို မည်မျှအရှိန်မြှင့်သွားမည်ဆိုသည်ကိုမူ မာကိုရူဘီယို၏ ထုတ်ပြန်ချက်တွင် ရှင်းရှင်းလင်းလင်း မဖော်ပြထားပေ။

ထရမ့်၏ ယခင်သမ္မတသက်တမ်းတွင်လည်း တရုတ်ကျောင်းသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုရှိခဲ့သော်လည်း နိုင်ငံရေးအရ အရေးပါသည့် ဘာသာရပ်လေ့လာသူများ ၊ တရုတ်စစ်တပ်နှင့် ဆက်စပ်မှုရှိသည့် ကျောင်းသားများကိုသာ အာရုံစိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Source: AFP