ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ရှိ ဇေယျဝတီ စာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယ သည် မေလ ၂၉ ရက် နံနက် ၁၂ နာရီ ၁၉ မိနစ်တွင် သီတင်းသုံးသည့် စံကျောင်း၌ပင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ယင်းစာသင်တိုက်ထံမှသိရသည် ။
ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၆ နှစ် ၊ သိက္ခာတော် ၇၆ ဝါ ရှိပြီဖြစ်သည် ။
ဆရာတော် ၏ စျာပနအခမ်းအနား ကို ကျောင်းတိုက်တွင် ၅ ရက်အပူဇော်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ထားဝယ်မြို့ ၊ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိစျာပန ပြုလုပ်ကာ မီးသင်္ဂြိုဟ် ပူဇော်မည်ဖြစ်ကြောင်း ဇေယျဝတီစာသင်တိုက် စာချနာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးကမိန့်သည် ။

ဘဒ္ဒန္တသူရိယသည် ထားဝယ်မြို့နယ် ၊ တလိုင်းတောင်ရွာဇာတိဖြစ်ကြောင်း သိရသည် ။
ဆရာတော်သည် ဂဏဝိမုတ်ကူးတို့ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဖြစ်ပြီး နိုင်ငံတော်မှ ဆက်ကပ်သည့် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ် ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်များရရှိထားသည့် နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဖြစ်ကြောင်း ဆရာတော်၏ တပည့်များထံမှသိရသည် ။
ဂဏဝိမုတ်ကူးတို့ဂိုဏ်း သည် မြန်မာနိုင်ငံရှိ သံဃဂိုဏ်းကြီး ၉ ဂိုဏ်းတွင် တစ်ခုအပါအဝင်ဖြစ်သည် ။