ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေးကို မတ်လ ၂၈ ရက်တွင် တိုက်ခိုက်လိုက်ကာ အီရန်စစ်ပွဲထဲ ပါဝင်လာသည်။
ယင်းမှာ အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာတွင် ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ပထမဆုံးအကြိမ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုမှာ လျင်လျင်မြန်မြန် စစ်ရှိန်မြင့်တက်လာနေသည့် အီရန်စစ်ပွဲတွင် စစ်မျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် စနေနေ့တွင် အစ္စရေးကို ၂၄ နာရီအတွင်း ဒရုန်းနှင့် မစ်ဆိုင်းဒုံးများဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် လုပ်ဆောင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
သို့ရာတွင် ဟူသီလက်နက်ကိုင်အဖွဲ့အနေဖြင့် ပါလက်စတိုင်း၊ လက်ဘနွန်၊ အီရတ်နှင့် အီရန်ရှိ တော်လှန်ရေးတပ်ဦးများကို ထောက်ခံအားပေးသည့်အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုပြောကြားထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် ယီမင်နိုင်ငံမြောက်ပိုင်း နေရာအများစုကို ထိန်းချုပ်ထားပြီး အီရန်နှင့် မဟာမိတ်ပြုထားသည်။
အစ္စရေး၏ ဂါဇာစစ်ပွဲကာလအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခဲ့ရာ တစ်နှစ် ဒေါ်လာ တစ် ထရီလီယံခန့် တန်ဖိုးရှိ ကုန်သွယ်မှုလမ်းကြောင်းများ ကမောက်ကမ ဖြစ်ခဲ့ရသည်။
ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားချိန် ဟူသီသူပုန်အဖွဲ့က ဘပ်အယ်လ်မန်ဒက် ရေလက်ကြားကို ထပ်မံပိတ်ဆို့ပြီး ပင်လယ်နီကုန်သွယ်ရေးလမ်းကြောင်းကို အနှောင့်အယှက်ပေးလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။
ပင်လယ်နီသည် ဥရောပနှင့် အာရှတိုက်တို့ကို စူးအက်တူးမြောင်းမှတစ်ဆင့် ဆက်သွယ်ပေးထားသည့် ကမ္ဘာ့အဓိက ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ကုန်သွယ်သင်္ဘော အမြောက်အမြား ဖြတ်သန်းရာ နေရာလည်း ဖြစ်သည်။
Source: Al Jazeera
ဓာတ်ပုံ – Bangkok Post – Yemen’s Houthis enter Iran war with attacks on Israel, while US Marines arrive in region







