လောင်းလုံးမြို့နှင့် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် ညင်းမော်ကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး တပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့မှ ယနေ့ ဇန်နဝါရီလ ၂၉ရက် နံနက် ၃ နာရီခန့်တွင် ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို နံနက် ၁၁ နာရီခန့်တွင် တော်လှန်ရေးတပ်တို့က ပစ်ခတ်တိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ရွာအနောက်မှာ ဖြစ်တယ်။ (စစ်အာဏာရှင်တပ်က) သူတို့က တော (လမ်း) ကြောင်းအတိုင်း လာကြတော့ အဲဒီမှာ ထိတွေ့မှု ဖြစ်ကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ညင်းမော်ရွာသည် ရှင်ကိုးရှင် စာရင်းဝင် ရှင်မော်ဘုရားကိုသွားသည့် လမ်းမပေါ်တွင် တည်ရှိသည်။
ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည်မှာ သုံးလနီးပါးကြာလာပြီဖြစ်ရာ ယနေ့ စစ်ကြောင်းထိုးလာသည့် တပ်ဖွဲ့သည် ညင်းမော်ရွာ၌ရှိသော တပ်ဖွဲ့နှင့် တပ်ချိန်းရန် လာရောက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
ထိတွေ့တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှု အခြေအနေများကိုမူ အသေးစိတ် မသိရှိရသေးပေ။
ပစ်ခတ်သံများမှာ ယနေ့ မွန်းလွဲပိုင်းအထိ ကြားနေကြရကြပြီး တော်လှန်ရေးတပ်တို့က စစ်အာဏာရှင်တပ်သားများကို ဒရုန်းဖြင့် လိုက်လံဗုံးချတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။
ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ကာလကြာရှည်တပ်စွဲထားခြင်းကြောင့် ဒေသခံအများစုမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။







