ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိပ်သီးစစ်ဗိုလ်ချုပ်တွေ ဖယ်ရှားလိုက်တဲ့ ရှီကျင့်ဖျင်

January 29, 2026

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရာထူးကနေ အကြီးအကျယ် ဖယ်ရှားရှင်းလင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့ ဒီဘေးကနေ လွတ်ပြီးသားလို့ ယူဆရတဲ့ အနေအထားမှာ အချိန်အတော်ကြာ ရှိနေခဲ့ပါတယ်။

တရုတ်စစ်တပ်ရဲ့ စီနီယာအကျဆုံး စစ်ဘက်အရာရှိကြီးဖြစ်တဲ့ ကျန်းယုံရှာဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဗီယက်နမ်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကျန်းယုံရှာဟာ လက်ရှိ တရုတ်စစ်တပ်မှာ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ ရှားရှားပါးပါး စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။

ဒီအချက်တွေကပဲ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ ဒုတိယဥက္ကဋ္ဌနှစ်ယောက်မှာ ကျန်းယုံရှာဟာ ပိုစီနီယာကျသူတစ်ယောက်အနေနဲ့ သူ့ရဲ့ ဩဇာအာဏာကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ အကဲခတ်အချို့ကတော့ ဗိုလ်ချုပ်ကြီးကျန်းဟာ မကြာသေးခင်က ရာထူးက ဖယ်ရှားရှင်းလင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့တောင် ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ သူကိုယ်တိုင်ပါ ရာထူးကနေ ပြုတ်သွားခဲ့ရပါပြီ။ ဒါဟာ တကယ့်ကို အကြီးမားဆုံး ရိုက်ခတ်မှုတစ်ခုပါပဲ။

အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီးကျန်းနဲ့ နောက်ထပ် ဗဟိုစစ်ကော်မရှင် (CMC) အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လျူကျန်းလီတို့ကို ‘စည်းကမ်းနဲ့ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကြောင်း သံသယရှိမှု’ နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်ကြီးလျူကတော့ စစ်တပ်နေ့စဉ်လည်ပတ်ရေး၊ ထောက်လှမ်းရေးနဲ့ လေ့ကျင့်ရေးပိုင်းတွေကို ကိုင်တွယ်ရတဲ့ စစ်ဦးစီးဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ပိုဂရုပြုစရာအချက်ကတော့ ဗိုလ်ချုပ်ကြီးလျူသည်လည်းပဲ ဗီယက်နမ်နယ်စပ်စစ်ပွဲမှာ ပါဝင်ခဲ့သူတစ်ယောက် ဖြစ်တာကြောင့် ဗိုလ်ချုပ်ကြီးကျန်းနဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးပတ်သက်မှုတွေ ရှိတယ်လို့ ယူဆခံရတာပါပဲ။

ရှီကျင့်ဖျင်ဟာ ၁၉၇၆ မှာ မော်စီတုန်း ကွယ်လွန်ပြီးနောက်ပိုင်း အကြီးမားဆုံး ရာထူးဖယ်ရှားရှင်းလင်းမှုကနေ တရုတ်စစ်ဘက်ခေါင်းဆောင်မှုတစ်ခုလုံးကို အခွံပဲ ကျန်တဲ့အထိ ရှင်းထုတ်ပစ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ကို လက်ရှိစုံစမ်းစစ်ဆေးမှုတွေက ဖော်ပြနေပါတယ်။

ဗိုလ်ချုပ်ကြီးကျန်းနဲ့ လျူတို့ကို ဗဟိုစစ်ကော်မရှင် (CMC) ကနေ တရားဝင် ဖယ်ရှားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အခုလို စုံစမ်းစစ်ဆေးမှုတွေဟာ ဖမ်းဆီးချုပ်နှောင်ပြီး ရာထူးကနေ အပြီးတိုင် ထုတ်ပယ်လိုက်တာမျိုးနဲ့ပဲ အဆုံးသတ်လေ့ရှိတာက ပုံမှန်ဖြစ်နေကျပါ။ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ တခြားသော စစ်ဘက်အရာရှိ လေးယောက်ကိုလည်း ပါတီနဲ့ စစ်တပ်ရာထူးတွေကနေ တရားဝင် ထုတ်ပယ်ထားပြီးသား ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ အင်အား ၂ သန်းခန့်ရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ကွပ်ကဲနေတဲ့ အဖွဲ့အစည်းမှာ ဥက္ကဋ္ဌ ရှီကျင့်ဖျင်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဒုဥက္ကဋ္ဌ ဖြစ်လာတဲ့ စစ်ဘက်စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ကျန်းရှန့်မင်း နှစ်ယောက်တည်းသာ ကျန်ပါတော့တယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ PLA ကို ခေတ်မီစစ်တပ်တစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရာမှာ ရှီကျင့်ဖျင် ရင်ဆိုင်နေရဆဲ အခက်အခဲတွေရဲ့ အရွယ်အစားကို မီးမောင်းထိုးပြနေတဲ့ အထင်ရှားဆုံး သက်သေတွေပါပဲ။

အာဏာရပြီး မကြာခင်မှာပဲ ရှီကျင့်ဖျင်ဟာ စစ်တပ်အတွင်း အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေနဲ့ လက်တွေ့စစ်တိုက်နိုင်စွမ်းအပေါ် အာရုံစိုက်မှု အားနည်းတာတွေကို ဖြေရှင်းဖို့အတွက် ဗိုလ်ချုပ်ကြီး အများအပြားကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ PLA ရဲ့ ဖွဲ့စည်းပုံတစ်ခုလုံးကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

၂၀၂၃ ဝန်းကျင်မှာ တရုတ်ရဲ့ အဏုမြူလက်နက်တွေကို ကိုင်တွယ်ရတဲ့ ဒုံးပျံတပ်ဖွဲ့ကနေစပြီး တရုတ်စစ်ဘက်ခေါင်းဆောင်တွေကို ဖယ်ရှားရှင်းလင်းရေးလှိုင်းသစ်တစ်ခု စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိုခဲ့ပါ ဖယ်ရှားရှင်းလင်းရေးလှိုင်းသစ်ဟာ တခြားသော တပ်ဖွဲ့ဌာနတွေအပြင် လက်နက်ကိရိယာ ထုတ်လုပ်ရေးနဲ့ နိုင်ငံရေးဌာနတွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း အဂတိလိုက်စားမှုတွေက ရှိနေဆဲဖြစ်သလို ရှီကျင့်ဖျင်ရဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးတွေကလည်း အပြီးမသတ်နိုင်သေးပါဘူး။ လာမယ့်နှစ် နောက်ဆုံးထားပြီး ထိုင်ဝမ်ကို သိမ်းပိုက်နိုင်စွမ်းရှိရမယ်ဆိုပြီး ရှီကျင့်ဖျင် သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်အပိုင်းအခြား မတိုင်ခင်မှာ ဗိုလ်ချုပ်ကြီးကျန်းအနေနဲ့ ရလဒ်ကောင်းတွေ မပြနိုင်ခဲ့တဲ့အပေါ် ရှီကျင့်ဖျင်က အခုလို စိတ်ပျက်လက်ပျက်နဲ့ အရေးယူလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ ဗိုလ်ချုပ်ကြီးကျန်း သို့မဟုတ် သူ့ရဲ့ မိသားစုဝင်တွေဟာ အတိတ်က အဂတိလိုက်စားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း အဂတိလိုက်စားမှုတွေ အဖြစ်များတဲ့ လက်နက်ထုတ်လုပ်ရေးနဲ့ စုဆောင်းဝယ်ယူရေးဌာနကို ဗိုလ်ချုပ်ကြီးကျန်း ဦးဆောင်ခဲ့စဉ်တုန်းက ဖြစ်ခဲ့တာတွေ ဖြစ်နိုင်ပါတယ်။

ရှီကျင့်ဖျင်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက စစ်ဆေးမှုတွေ ပိုတိုးမြှင့်လုပ်ဆောင်လာတာနဲ့ ဗိုလ်ချုပ်ကြီးကျန်းရဲ့ ပြိုင်ဘက်တွေက သတင်းပေးတာတွေကြောင့် အရင်က စွပ်စွဲချက်ဟောင်းတွေ ပြန်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်က ပစ်မှတ်ထားခံခဲ့ရတဲ့ အရာရှိတချို့ဟာ ဗိုလ်ချုပ်ကြီးကျန်းရဲ့ လက်သပ်မွေး တပည့်အရင်းတွေလို့ ယူဆခံရသူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံး ဖယ်ရှားရှင်းလင်းမှုတွေကတော့ ဗိုလ်ချုပ်ကြီးကျန်းရဲ့ အာဏာစက် ကြီးထွားလာမှုအပေါ် ရှီကျင့်ဖျင်ရဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

“ဒါဟာ ရှီကျင့်ဖျင် အာဏာရပြီးကာစ နောက်ပိုင်း တရုတ်နိုင်ငံရေးလောကမှာ အံ့အားသင့်စရာအကောင်းဆုံး ဖြစ်ရပ်ပါပဲ” လို့ CIA ရဲ့ တရုတ်အရေး လေ့လာဆန်းစစ်သူဟောင်းဖြစ်သလို ဝါရှင်တန်မှာရှိတဲ့ ဂျော့ချ်တောင်းတက္ကသိုလ်က ဒန်းနစ်ဝိုင်းလ်ဒါးက ပြောပါတယ်။

မကြာသေးခင်က ရာထူးဖယ်ရှားရှင်းလင်းမှုတွေဟာ ဗိုလ်ချုပ်ကြီးကျန်း ဦးဆောင်တဲ့ အုပ်စုနဲ့ ရှီကျင့်ဖျင် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းမှာ တာဝန်ထမ်းဆောင်ပြီး ရာထူးတက်လာတဲ့ တခြားအုပ်စုတစ်စုကြား အားပြိုင်မှုကြောင့် ဖြစ်တယ်လို့ သူက ယူဆပါတယ်။

နာမည်ကျော် တော်လှန်ရေးသမားဟောင်းတွေရဲ့ သားသမီးတွေ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီးကျန်းရဲ့ အုပ်စုဟာ အရင်က အသာစီးရခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အရင်က တစ်ခါမှ မရှိဖူးတဲ့ ဩဇာအာဏာမျိုးကို ရရှိခဲ့ပါတယ်။ ဒါကပဲ ရှီကျင့်ဖျင်အတွက်တော့ ခြိမ်းခြောက်မှုအလားအလာတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

“သူက ခေါင်းမာပြီး ထီမထင် သက်ကျားအိုပဲဗျ။ ရှီနဲ့ မဟာမိတ်ဖွဲ့ထားပေမဲ့ သူက ရှီရဲ့ လက်အောက်ခံတစ်ယောက်လိုမျိုး ဘယ်တုန်းကမှ မနေခဲ့ဘူး” လို့ ဝိုင်းလ်ဒါးက ဗိုလ်ချုပ်ကြီးကျန်းအကြောင်း ပြောပြပါတယ်။

ဗိုလ်ချုပ်ကြီးကျန်းရဲ့ မိသားစုနဲ့ ရှီကျင့်ဖျင်တို့ရဲ့ ပတ်သက်မှုဟာ သူတို့ရဲ့ ဖခင်တွေ တရုတ်ပြည်တွင်းစစ်မှာ အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ အချိန်ကတည်းက စတင်ခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ရှီကျင့်ဖျင်က ဗိုလ်ချုပ်ကြီးကျန်းကို ကွန်မြူနစ်ပါတီရဲ့ ထိပ်သီးခေါင်းဆောင် ၂၀ ခန့် ပါဝင်တဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဗဟိုစစ်ကော်မရှင် (CMC) ရဲ့ ဂျူနီယာဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ပေးခဲ့ပါတယ်။

ဒါဟာ ရှီအနေနဲ့ ဗိုလ်ချုပ်ကြီးကျန်းအပေါ် ဘယ်လောက်အထိ ယုံကြည်တယ်ဆိုတာကို ပြသခဲ့တာဖြစ်ပြီး သူ့ကို တရုတ်စစ်တပ်ရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဖြစ်လာစေခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရှီကျင့်ဖျင်က ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်းကို ရယူခဲ့တဲ့အခါမှာတော့ ဗိုလ်ချုပ်ကြီးကျန်းဟာ အသက် ၇၂ နှစ်ရှိနေပြီ ဖြစ်ပေမဲ့ စီနီယာဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီအသက်အရွယ်ဟာ အရင်က အငြိမ်းစားယူရမယ့် စည်းကမ်းတွေအရဆိုရင် အရည်အချင်း မပြည့်မီတော့တဲ့ အနေအထားပါ။

ဗိုလ်ချုပ်ကြီးကျန်းသာ အခုချိန်မှာ ရာထူးကနေ တရားဝင် ထုတ်ပယ်ခံရမယ်ဆိုရင် သူဟာ ရှီကျင့်ဖျင် လက်ထက်မှာ ဖယ်ရှားခံရတဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိတွေထဲမှာ ရာထူးအမြင့်ဆုံး ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် သူဟာ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ်ကပါ ဖယ်ရှားခံရမယ်ဆိုရင် ၁၉၈၉ တီယန်နန်မင်ရင်ပြင် ဆန္ဒပြပွဲကို PLA က နှိမ်နင်းခဲ့ပြီးနောက်ပိုင်း ငါးနှစ်သက်တမ်းတစ်ခုအတွင်းမှာတင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင် နှစ်ဦးအထိ ပထမဆုံးအကြိမ် ရှင်းလင်းဖယ်ရှားခံရတာ ဖြစ်လာပါလိမ့်မယ်။

ဒါဟာ စစ်ဘက်နဲ့ အရပ်ဘက်က အီလစ်တွေ၊ အထူးသဖြင့် နာမည်ကြီး တော်လှန်ရေးမျိုးရိုးက ဆင်းသက်လာသူတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ အဲဒါကတော့ ရှီကျင့်ဖျင်နဲ့ ရင်းနှီးရုံနဲ့ ဘေးကင်းလိမ့်မယ်လို့ အာမခံချက်မရှိဘူးဆိုတာပါပဲ။

ဒါပေမဲ့ ဒါက ရှီကျင့်ဖျင်အတွက် ပြဿနာတစ်ခု ပေါ်လာစေပါတယ်။ သူကိုယ်တိုင် ရှင်းထုတ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးအားလုံးရဲ့ နေရာမှာ ဘယ်သူတွေကို အစားထိုးခန့်အပ်သင့်လဲဆိုတဲ့ ပုစ္ဆာပါပဲ။

၂၀၁၂ မှာ အာဏာရပြီးကတည်းက ရှီကျင့်ဖျင်ဟာ သူ့အပေါ် နိုင်ငံရေးအရ သစ္စာရှိရုံတင်မကဘဲ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ကြည်း၊ ရေ၊ လေ၊ ဆိုင်ဘာနဲ့ အာကာသစစ်ဆင်ရေးတွေ ပေါင်းစပ်နိုင်မယ့် လျှင်မြန်သွက်လက်တဲ့ စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ ဗိုလ်ချုပ်ကြီးတွေကို ရာထူးတိုးပေးဖို့ ကြိုးစားခဲ့ပါတယ်။

အစပိုင်းမှာတော့ အရင်ခေါင်းဆောင်တွေ ခန့်ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေကို အစားထိုးခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ သူကိုယ်တိုင် ခန့်အပ်ထားသူတွေကိုပါ ပစ်မှတ်ထားရှင်းလင်းလာခဲ့ပါတယ်။ လက်ကျန်ဗိုလ်ချုပ်ကြီးအများစုကလည်း အတွေ့အကြုံ အရမ်းနုနယ်လွန်းသူတွေ၊ ရာထူးကပြုတ်သွားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိလို့ နာမည်ပျက်နေသူတွေ ဖြစ်နေပါတယ်။

အခုလို ဖရိုဖရဲဖြစ်နေတာတွေဟာ PLA ရဲ့ တိုက်ခိုက်နိုင်စွမ်းအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနေပြီလို့ အနောက်နိုင်ငံတွေရဲ့ အကဲဖြတ်ချက်အချို့အရ သိရပါတယ်။

ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့ တရုတ်စစ်တပ်အပေါ် ပင်တဂွန်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ထိပ်သီး PLA အရာရှိတွေကို ဖယ်ရှားလိုက်တာဟာ ‘အဖွဲ့အစည်းဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်တွေအပေါ် မရေရာမှုတွေ ဖြစ်စေတယ်’ လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ‘PLA တပ်မတော် တစ်ခုလုံးမှာလည်း ဂယက်ရိုက်ခတ်သွားစေခဲ့တယ်’ လို့လည်း ဆိုပါတယ်။

ကာကွယ်ရေးစစ်လက်နက်ဝယ်ယူရေးအပိုင်းမှာ အဂတိလိုက်စားမှုတွေကြောင့် ဒုံးပျံပစ်စင်တွေရဲ့ အဖုံးတွေ ကောင်းကောင်းအလုပ်မလုပ်တာမျိုးလို စစ်တိုက်နိုင်စွမ်းအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကို ‘လေ့လာတွေ့ရှိနေရပြီ’ လို့လည်း အဲဒီအစီရင်ခံစာက ဆိုပါတယ်။

“ဒီစုံစမ်းစစ်ဆေးမှုတွေကြောင့် PLA ရဲ့ စစ်ဆင်ရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ ရေတိုအားဖြင့် အနှောင့်အယှက်တွေ ဖြစ်လာနိုင်ခြေ အတော်လေး များနေပါတယ်” လို့ ဖော်ပြထားပါတယ်။

“တစ်ဖက်မှာလည်း အဂတိလိုက်စားမှုကို ဖြစ်စေတဲ့ စနစ်တကျ ပြဿနာတွေကို အခုအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကမ်ပိန်းနဲ့သာ ရှင်းလင်းနိုင်ခဲ့ရင် နောင်တစ်ချိန်မှာ PLA ဟာ ပိုပြီး ကျွမ်းကျင်ထိရောက်တဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ပေါ်ထွက်လာနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ရှီကျင့်ဖျင်အနေနဲ့ အနည်းဆုံးတော့ ဒီအချက်နဲ့ ပတ်သက်လို့ ပင်တဂွန်ရဲ့ အကဲဖြတ်ချက်က မှန်ကန်ပါစေလို့ မျှော်လင့်နေမှာ အသေအချာပါပဲ။

စျာန်ဟိန်း

(The Economist တွင် ဖော်ပြထားသည့် What Xi Jinping’s purge of China’s most senior general reveals ဆောင်းပါးကို မူရင်းအာဘော်မပျက် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)