ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

January 29, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၂ နာရီတွင် ထိုးဖားဖမ်းဒေသ ထာ့ခနူနေရာရှိ ကမ်းစပ်တွင် မြန်မာနိုင်ငံသားများက ရေလှောင်ကန်ကိုဖြတ်ပြီး အုပ်စုလိုက် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

စစ်ဆေးစဉ် ကားသုံးစီး ရပ်ထားသည်ကို တွေ့ရှိခဲ့ပြီး ကားနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ကားမောင်းသမားများကို စစ်ဆေးခဲ့ရာ အသက် ၁၆ နှစ်အရွယ် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ပြီး ကျန်ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားသည်။

ကားများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၁၂ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများက ဘန်ကောက်၊ ရယွန်နှင့် အချို့သည် မလေးရှားအထိ သွားရောက်ရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ဘတ် နှစ်သောင်း မှ သုံးသောင်းအထိ ပေးချေရမည်ဖြစ်ကြောင်း မြန်မာများ၏ ထွက်ဆိုချက်ကို ဖော်ပြသည်။

ကားသမားကလည်း မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးနေသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး တစ်ကြိမ်လျှင် ဘတ် သောင်းနှင့်ချီရရှိခဲ့ကြောင်း ထွက်ဆိုထားသည်။

ကားသမားကို ဆီးစစ်ရာ မူးယစ်ဆေးသုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆက်လက်အရေးယူရန် ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထား ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Kanchaburi News, Naewna