ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောမြို့နယ် တိုရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီး

January 29, 2026

စစ်အာဏာရှင်တပ်သားများက မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာရှိ နေအိမ်များကို မနေ့ညက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင် တိုရွာအနီး၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက တိုရွာရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။

“ညက ပစ်ခတ်မှု အနည်းငယ်ဖြစ်ပြီး တိုရွာကို မီးရှို့တယ်။ သူတို့ဘက်က တောက်လျှောက်ပစ်ပြီး မီးဆင်းရှို့တယ်လို့ ကြားရတယ်။ ရွာမှာ လူမနေတာတော့ ကြာပြီ။ ရွာထဲမှာ သူတို့ပဲရှိတော့ ဘယ်နှစ်အိမ် လောင်သွားလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူအချို့က ပြောသည်။

၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစ၍ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသားများ ဒဏ်ရာရရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် အစပိုင်းမှစကာ ရွာမှ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ဆိုသည်။

တိုရွာသည် ပလမြို့၏ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး ပလမြို့နှင့် တစ်မိုင်နီးပါး အကွာအဝေးတွင် ရှိကာ၊ တိုတောင်တွင် စစ်အာဏာရှင်တပ်သားများ တပ်စွဲထားသည်မှာ ၂ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း အထက်ပါ ဒေသခံများက ပြောသည်။

တိုရွာတွင် မီးလောင်နေသည်ကို ည ၉ နာရီဝန်းကျင်တွင် စတင်မြင်တွေ့ရပြီး၊ ဇန်နဝါရီလ ၂၉ ရက် နံနက် ၄ နာရီဝန်းကျင်တွင် မီးအရောင်များ မမြင်ရတော့ကြောင်း တိုရွာအနီးဝန်းကျင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

“သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရတယ်။ မီးလုံးက တအားများတယ်။ ဘယ်နှစ်ဆောင် ပါသွားမှန်း မသိရဘူး။ မီးက ကြီးကြီးကျယ်ကျယ် လိုက်ရှို့နေတယ်။ အရင်ရက်ကလည်း ရှို့ထားသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သားများက ပုလောမြို့နယ်၊ ပလမြို့အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ပလမြို့၊ အမှတ် (၄) ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) ရှိ နေအိမ် ၇၀ ကျော်ကို စစ်အာဏာရှင်တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။