ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ခြေနင်းမိုင်းများထောင်ထားခဲ့၍ လေးမိုင်ရွာနှင့် ဖာနီရွာ ဒေသခံများစိုးရိမ်

January 29, 2026

ပုံစာ - တနင်္သာရီမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က ထောင်ထားသည့်မြေမြှုပ်မိုင်းအား တော်လှန်ရေးတပ်က ရှင်းလင်းနေပုံ(ပုံဟောင်း)

စစ်အာဏာရှင်တပ်သားများ ထောင်ထားခဲ့သည့် ခြေနင်းမိုင်းပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် ကျန်မိုင်းများပေါက်ကွဲမည်ကို လေးမိုင်ရွာနှင့်ဖာနီရွာ ဒေသခံများက စိုးရိမ်နေကြသည်။

တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာအုပ်စု လေးမိုင်ရွာနှင့် ဖာနီရွာမှ စစ်အာဏာရှင်တပ်စစ်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ပြန်ဆုတ်သွားပြီးနောက်၊ ဒေသခံအချို့မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက် ဝန်းကျင်မှစ၍ ရွာတွင် ပြန်နေထိုင်နေကြခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်၊ ညနေ ၅ နာရီတွင် လေးမိုင်-ဒူးကြိုးရွာ၌ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦးက မိုင်းကို တုတ်ဖြင့် ထိုးရာမှ ပေါက်ကွဲပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် စစ်အာဏာရှင်တပ်ကမြှုပ်ထားသော နင်းမိုင်းများထပ်မံပေါက်ကွဲမည်ကို ဒေသခံများ စိုးရိမ်နေရကြောင်း လေးမိုင်ရွာသားတစ်ဦးက ဆိုသည်။

“မိုင်းက ရွာက အိမ်တွေအနီးမှာ တွေ့နေရသေးတယ်။ ကလေးရော လူကြီးပါ လျှောက်မသွားရဲကြတော့ဘူး။ ရွာမှာက အနည်းငယ်ပဲ လာနေကြသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်သားများ တပ်စွဲနေထိုင်ခဲ့သည့် ဥယျာဉ်ခြံများအတွင်းသို့လည်း ဖာနီရွာနှင့် လေးမိုင်ရွာသားများမှာ ကြောက်ရွံ့စိတ်ဖြင့် ဝင်ထွက်နေရကြောင်း ဖာနီရွာသားတစ်ဦးက ဆိုသည်။

“မိုင်းတွေက ရွာအနီးမှာ တွေ့ရတယ်။ စစ်သားတွေ ထပ်ဝင်လာမှာကိုရော၊ လက်နက်ကြီးပစ်မှာကိုရော ကြောက်နေရတယ်။ ရွာကို အစဝင်လာတုန်းက ပုပ်နံ့တွေရတယ်။ အလောင်းတွေက တွင်းဟောင်းတွေထဲမှာ ရှိနေတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အဆိုပါ မိုင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရန် ကြိုးပမ်းသော်လည်း၊ စစ်အာဏာရှင်တပ်သားများ၏ စစ်ကြောင်းအတက်အဆင်း ရှိနေသေးသဖြင့် ရှင်းလင်းရန် အဆင်မပြေသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ ဒရုန်းသည် နေ့တိုင်းနီးပါး ဖာနီရွာပေါ်သို့ လာရောက်ဝဲပျံနေကြောင်း ဒေသခံများက ဆိုသည်။