လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အသက်၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့နယ်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် ယနေ့ နံနက် ၁၀ နာရီကျော်တွင် ထားဝယ်မြစ် တစ်ဖက်ကမ်းရှိ ထိန်တွင်းကျေးရွာဘက်တွင် ဒရုန်းတစ်စီးပျံသန်းခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းနောက် လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ ရပ်ခတ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်နှင့် ထားဝယ်မြို့ ရှိ စစ်အာဏာရှင်တပ်တို့က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းသို့ပစ်ခတ်ရာတွင် လက်နက်ကြီးကျည် တစ်လုံးသည် ထိန်တွင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်စထိမှန်ပြီး သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“သူက ရွာထိပ်မှာ အမျိုးသားတစ်ဦးနဲ့ စကားပြောနေချိန် အဲဒီနားကို ကျလာတဲ့ လက်နက်ကြီးအစ လာစင်တယ်။ နံကိုင်း ပွင့်သွားတယ်။ ခဏကြာတော့ သေသွားတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသူမှာ ထိန်တွင်းရွာသား ဦးစိုးတင့်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ချက်ခြင်းသင်္ဂြိုဟ်လိုက် ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
ရွေးကောက်ပွဲ ကျင်းပနေသည့် ထားဝယ်မြို့ပေါ် တွင် ယနေ့ နံနက် ၇ နာရီကျော်မှစ၍ တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း ထားဝယ်ဆေးရုံနှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။
“မဲရုံမှာ တန်းစီရင်း မူးလို့ ရောက်လာတဲ့ သက်ကြီးအမျိုးသားတစ်ဦးပဲရှိတယ်။ ကျန်တာ မရှိပါဘူး” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
ဒရုန်းဖြင့် ဗုံးချပြီးနောက် စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ်ဘက်ကို လက်နက်ကြီးဖြင့် ယနေ့ နံနက် ၈နာရီခန့်မှစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထိန်ရွာက ဘုန်းကြီးတစ်ပါးနှင့် တောင်မင်းပြောင်ရွာက အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သေးသည်။
ရွေးကောက်ပွဲ ကျင်းပနေချိန် ပိတ်ထားသည့် မြို့အဝင်အထွက်ဂိတ်များမှာ ယနေ့ ညနေ ၄ နာရီကျော်အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိ သေးကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။







