ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပေါက်ကွဲပစ်ခတ်မှုများဖြင့် ထားဝယ်မြို့နယ်က ရွေးကောက်ပွဲ

December 28, 2025

ပုံစာ - ထားဝယ်မြို့၊ မြို့တွင်းရပ်ကွက်မှမဲရုံ။ Photo - စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အာမခံထားသောကြောင့် နာမည်ပျက်မခံဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မဲပေးအပြီးတွင် မီီဒယာများကို ပြောဆိုလိုက်သည်။

သို့သော် ပဋိပက္ခများအကြား၊ ဖိအားပေးမှုများအကြား လက်နက်ကိုင် တရုန်းရုန်းဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ တရားမျှတမှု၊ လွတ်လပ်မှုများ မရှိဟု ပြည်သူအများစုက ဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တနင်္သာရီတိုင်းအတွင်း၌လည်း မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ထားဝယ်မြို့နယ်တွင်တော့ ထားဝယ်အရှေ့တောဒေသ(ထိုင်းမြန်မာနယ်စပ်) တစ်ခွင်လုံးနှင့် မြို့ဝန်းကျင် ကျေးရွာအုပ်စုနှစ်ခုမှအပ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် စစ်အုပ်စုလက်လှမ်းမီသမျှ ကျေးရွာအုပ်စုများတွင် မဲရုံများ ဖွင့်လှစ်ထားသည်။

ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

စစ်ကော်မရှင်၏ ယနေ့ရွေးကောက်ပွဲတွင် မဲပေးသူ အထိုက်အလျှောက်ရှိခဲ့ပြီး ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ကြားခဲ့ရသလို စစ်အာဏာရှင်တပ်ကလည်း ထားဝယ်မြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

မြို့ပေါ်အခြေအနေ

ထားဝယ်မြို့ပေါ် တွင် မဲရုံအများစုကို စာသင်ကျောင်းများတွင်ပြုလုပ်ထားပြီး အချို့မဲရုံများတွင် စာသင်ကျောင်းတစ်ကျောင်းထဲတွင် မဲရုံနှစ်ခုဖွင့်ထားသည်လည်း ရှိကြောင်း မဲပေးခဲ့သူများထံမှသိရသည်။

အထက ၁၊ အထက ၂၊ အထက ၃၊ မြောင်းပုလဲ၊ ဇရစ်၊ ကညုံ၊ ကျောက်မော် စသည့် စာသင်ကျောင်းများနှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် မဲရုံများဖွင့်ထားကြောင်း မြို့တွင်းလိုက်ပတ်ကြည့်ရှုခဲ့သည့် မြို့ခံတစ်ဦး ကပြောပြသည်။

လုံခြုံရေး အခြေအနေတွင်မူ မဲရုံပရဝုဏ်တွင် အင်အားအများအပြားချထားခြင်းမရှိဘဲ မဲရုံသို့ ဝင်လာနိုင်သည့် အဝင်လမ်းများတွင်သာ အင်အားအများအပြား ချထားသည်ကိုတွေ့ရကြောင်း မဲပေးသွားသူများကပြောသည်။ ၎င်းအပြင် မဲရုံအချို့တွင် မဲရုံအနီးပတ်လမ်းများကို ဘယ်ရီဂိတ်(သံဆူးခွေဂိတ်) ချကာ ပိတ်ထားသည်လည်း တွေ့ရကြောင်း ဆိုသည်။

“အထက ၂ မဲရုံမှာတော့ စစ်သားတွေ ကားအငယ် နှစ်စီးနဲ့ ဆယ်ယောက်လောက်ရှိမယ်။ ကားပေါ်ကမဆင်းဘူး။ သေနတ်တွေကတော့ မဲရုံဘက်အကုန်လှည့်ထားတယ်။ ဝတ်ထားတာက စစ်ဝတ်စုံ နဲ့ နှာခေါင်းပိတ် နဲ့ သူတို့ ဘယ်သူမှန်းမသိနိုင်ဘူး။ ကျန်တာကတော့ မတွေ့ရဘူး” ဟု အထက ၂ ထားဝယ် (မဲရုံ ၁) တွင် မဲသွားပေးခဲ့သူတစ်ဦးကပြောသည်။

အထက ၃ ထားဝယ်တွင် ဖွင့်ထားသည့် မဲရုံတွင်မူ ကျောင်းနံဘေးပတ်လမ်းတစ်ခုကို ဘယ်ရီဂိတ်ချထားသည်ဟု မျက်မြင်တွေ့ရသူများကပြောပြသည်။

မဲရုံအတွင်း လုပ်ကိုင်နေသူများတွင် ရာအိမ်မှူး၊ မီးသတ်နှင့် မြို့ခံ အစိုးရဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ ပါဝင်ကြောင်း တွေ့ရသည်ဟု မြို့ခံများကဆိုသည်။

ယခင်ရွေးကောက်ပွဲများနှင့်မတူသည်မှာ ကွန်ပျူတာဖြင့် မဲစာရင်းစစ်ပေးသူတစ်ဦးလည်း ထပ်မံပါဝင်သည်ကို တွေ့ရကြောင်းဆိုသည်။

မဲလာပေးသူများလည်း ယခင်ရွေးကောက်ပွဲများကဲ့သို့ တိုး၍တန်းစီရသည်အထိ အခြေအနေမဟုတ်သော်လည်း မဲရုံများအလိုက် မဲပေးသူများ ရှိနေကြကြောင်း မဲပေးခဲ့သူများကပြောသည်။

သို့သော် ယနေ့ နံနက်ပိုင်းတွင် မြို့အတွင်းပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် မဲပေးသွားမည့်သူအချို့ အနည်းငယ်ထိတ်လန့် သွားကြောင်းဆိုသည်။

“ဗုံးပေါက်သံကြားတော့ မဲရုံထဲရောက်နေပြီးသား လူတွေတော့ရှိနေတယ်။ တန်းစီနေတယ်။ ပြေးမရဘူးလေ။ လာနေသူတချို့ ပြန်လှည့်သွားကြတာမျိုးရှိတယ်။ ဒါပေမဲ့ အခုတော့ (မဲလာပေးသူ) လူပြန်ရှိနေပြီ” ဟု မြို့ပေါ်မဲရုံတစ်ရုံအနီး နေထိုင်သူတစ်ဦးကပြောသည်။

စစ်ကော်မရှင်က ကနဦးတွင် မဲပေးရာ၌ မှတ်ပုံတင်တစ်ခုသာလိုကြောင်း ပြောထားသော်လည်း ယနေ့မဲပေးရာတွင် မဲဆန္ဒရှင် သက်သေခံ လက်မှတ် တောင်းခံခြင်းရှိပြီး ကွန်ပျူတာနဲ့တိုက်စစ်ကြောင်း မဲသွားပေးခဲ့သူများက ပြောပြသည်။

“အစက မှတ်ပုံတင် ပါရင်ရပြီဆိုလို့သွားတာ ဟိုရောက်တော့စာရွက်ပါလားတဲ့။ မပါရင်ပေးမရဘူး ပြောသေးတယ်။ ဒါပေမဲ့ လုပ်ပေးလိုက်မယ်ဆိုပြီးလုပ်ပေးတယ်။ ကွန်ပျူတာနဲ့တိုက်စစ်တာ အချို့ နာမည်မှားနေတာတွေပါတယ်။ ဒါပေမဲ့ မှားနေတဲ့သူလည်း ထည့်ခိုင်းတယ်” ဟု မဲသွားပေးခဲ့သူ ထားဝယ်မြိုခံတစ်ဦးကပြောပြသည်။

စမတ်ကတ်ဖြင့် မဲလာပေးသူများကိုမူ လက်မခံဘဲ ပြန်လွတ်နေသည်ကို မြင်ရကြောင်း ၎င်းကဆက်ပြောသည်။

ထားဝယ်မြို့ပေါ်တွင် မဲသွားမပေးသူများလည်း ရှိကြောင်း မဲသွားမပေးသူများ နှင့် မြို့ခံများထံ မှသိရသည်။

“အိမ်မှာက မဲစာရင်း ခုနစ်ယောက်ပါတယ်လေ။ လူကြီး (သက်ကြီးပိုင်း) လေးယောက်တော့ မဲသွားမထည့်ခိုင်းတော့ဘူး။ သူတို့က ရွဲရွဲခဲခဲ(လှုပ်လီလှုပ်နဲ့)တွေလေ။ လူငယ်တွေပဲသွားထည့်လိုက်တယ်။ ဒီအတိုင်းပဲ မဲပေးပြီးရင် သွားလို့လာလို့နည်းနည်းကောင်းအောင်ပါ” ဟု မဲသွားပေးခဲ့သည့် ထားဝယ်မြို့ခံလူငယ်တစ်ဦးကပြောသည်။

အချို့လည်း မဲမပေးဘဲနေကြသည်ဟု ဆိုသည်။

“ထားဝယ်မှာက လူပေါင်းသောင်းခြောက်ထောင်(လူအများနဲ့)လေ၊ အဲဒီတော့ သွားမပေးတော့ဘူး။ လာမေးရင်လည်း ခရီးလွန်တယ်ပဲ ပြောတော့မယ်” ဟု ထားဝယ်မြို့က ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

အခြားမြို့နယ်များမှ ဧည့်စာရင်း ဖြင့် လာနေသူများက ယနေ့ ရွေးကောက်ပွဲ အပိုင်း ၁ ၌ မဲမပေးရသေးဘဲ သက်ဆိုင်ရာ မြို့နယ်များ၏ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် ၃ ကျင်းပသည့်နေ့များ၌ မဲပေးရမည်ဟု စုံစမ်းသိရှိရသည်။

ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနေချိန် မြို့ပေါ်တွင်ပေါက်ကွဲမှု အချို့ ဖြစ်ပေါ်ခဲ့ပြီး ထားဝယ်မြို့ပေါ် ပေါက်ကွဲမှုများတွင် လူထိခိုက်မှုမရှိဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောဆိုသည်။

သို့သော် ယင်းပေါက်ကွဲမှုများဖြစ်ချိန်တွင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ပတ်ပတ်လည်ကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်မှစ၍ လက်နက်ကြီးများ ဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့၍ ကျေးလက်နေ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ကျေးလက်အခြေအနေ

ထားဝယ်မြို့ဝန်းကျင်ရှိ ကျေးရွာအုပ်စုများတွင်လည်း စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပိုင်းအလိုကတည်းက လုံခြုံရေးအင်အားအများအပြားဖြင့် တပ်ဖြန့်ကာ ယနေ့ နံနက်ပိုင်းတွင် မဲရုံများကို ဖွင့်ထားသည်ဟု ဒေသခံများထံမှသိရသည်။

စစ်အာဏာရှင်တပ်၏ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)၊ ထားဝယ်တပ်နယ် ခြေလျင်တပ်ရင်းများနှင့် အမြောက်တပ်များ တည်ရှိသည့် သပြေချောင်းရွာနှင့် ဇဟာရွာ တို့တွင်မူ မဲရုံတစ်ရုံစီရှိကြောင်း ဒေသခံများထံမှသိရသည်။

“သပြေချောင်းရွာမှာက စာသင်ကျောင်းမှာ မဲရုံတစ်ရုံ ပဲရှိတယ်။ သူတို့ တပ်မဲရုံတွေတော့ တပ်ထဲမှာရှိသေးတယ်။ မဲပေးတာကတော့ သွားပေးနေကြတယ်။ ဒီမှာက တပ်နယ်လိုဖြစ်နေတော့ သွားပေးနေကြတယ်။ တချို့လူငယ်တွေကလည်း စစ်မှုထမ်းလွတ်လိုလွတ်ငြား သွားထည့်နေတာလည်းရှိတယ်” ဟု သပြေချောင်းရွာသားတစ်ဦးကပြောသည်။

စစ်ကော်မရှင်အတွက် ရွေးကောက်ပွဲ မဲစာရင်းပြုစုပေးသူတစ်ဦးကို တော်လှန်ရေးတပ်ဘက်မှ ရွေးကောက်ပွဲမတိုင်မီက ဖမ်းဆီးခဲ့သည့် ဇဟာရွာတွင်လည်း မဲရုံတစ်ရုံဖွင့်ထားကြောင်းဆိုသည်။

“ရွာအရှေ့ပိုင်း စာသင်ကျောင်း မှာ မဲရုံတစ်ရုံ ဖွင့်ထားတယ်။ အုပ်စုထဲက ဘေးနားရွာတွေမှာတော့ (မဲရုံ) မရှိဘူး။ ဦးတို့တော့ သွားမပေးသေးဘူး။ အခြေအနေကြည့်နေတုန်းပဲ။ လုံခြုံရေး ကတော့ချထားတာပဲ” ဟု ဇဟာရွာက အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ယင်းကျေးရွာနှစ်ရွာနှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် ဂိတ်ကိုမူ စစ်အာဏာရှင်တပ်က ပိတ်ချထားကြောင်း ကားသမားများထံမှသိရသည်။

မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ထားဝယ်မြို့နယ် ကကျေးရွာအုပ်စုများတွင်လည်း ရှမ္မတွင်းအုပ်စုမှအပ ကျန်အုပ်စုများတွင် စစ်အာဏာရှင်တပ်က လုံခြုံရေး အင်အားအများအပြားသုံးကာ မဲရုံများဖွင့်ထားကြောင်း ဒေသခံများကဆိုသည်။

“ရွှေဂူတံတားက မနက်ကတည်းက ပိတ်ချထားတယ်။ ခုနက( ဆယ်နာရီဝန်းကျင်)တော့ ခဏပေးဖြတ်တယ်။ ကျွန်မတို့လည်း မဲပေးဖို့သွားတာပဲ။ လူတအားတိုးတယ်။ ရှင်မုတ္ထီးအုပ်စုတစ်ခုလုံးမှ စာသင်ကျောင်းမှာ မဲရုံတစ်ရုံ ပေးတယ်။ မြို့ပေါ် မှာ ဗုံးပေါက်တယ်ကြားတာနဲ့ ပြေးလာလိုက်တယ်။ သွားမထည့်ရဲတော့ဘူး” ဟု မဲပေးရန်သွားစောင့်ခဲ့သည့် စော်ဝရွာမှ အမျိုးသမီးတစ်ဦး ကပြောသည်။

ရွှေဂူတံတား သည် သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အစပ်တွင်တည်ရှိပြီး စစ်အာဏာရှင်တပ်က တံတားနှင့် တံတားအနီးဘုရားတောင်တွင် အင်အားအများအပြားဖြင့် ပြည်ထောင်စုကားလမ်းမပေါ်တွင် တပ်ထိုင်ထားသည့်နေရာတစ်ခုဖြစ်သည်။

ရှင်မုတ္ထီးရွာခံများလည်း မဲသွားပေးသူရှိသလို၊ မပေးကြသူများလည်းရှိကြောင်း ရွာသားများကဆိုသည်။

“ကျွန်မတော့သွားမပေးဘူး။ အခုထိတော့ အတင်းအကျပ်လုပ်လာတာမရှိသေးဘူး။ သွားပေးတဲ့လူတွေကလည်း ခရီးသွားရင် မဲပေး၊မပေးကိစ္စတွေနဲ့ အရစ်ခံရမှာစိုးလို့ သွားပေးကြတယ်ပြောတယ်” ဟု ရှင်မုတ္ထီးရွာသူတစ်ဦးကပြောသည်။

ရှင်မုတ္ထီးရွာ မဲရုံတွင် လုပ်ကိုင်ပေးနေသူများတွင်မူ ဒေသခံများမပါဝင်ဘဲ မျက်နှာစိမ်း မဲရုံဝန်ထမ်းများသာ ပါဝင်သည်ဟု မဲသွားပေးခဲ့သူများကပြောပြသည်။

ထားဝယ်မြို့ နှင့် ကပ်လျက် တည်ရှိသည့် ပေါက်တိုင်းတံတား စစ်ဆင်ရေးဂိတ်တည်ရှိရာ ကျောက်ရပ်၊ ဝမော်၊ ပေါက်တိုင်းရွာ သုံးရွာပေါင်း မဲရုံတွင်လည်း မဲလာပေးသူများရှိကြောင်း မဲသွားပေးခဲ့သူများထံမှသိရသည်။

မဲရုံအခင်းအကျင်း

မဲရုံသို့ ဝင်သည်နှင့် အရပ်သားဝန်ထမ်းများနှင့်စတွေ့ရပြီး ဒုတိယအဆင့်တွင် မီးသတ်တစ်ဦးနှင့်တွေ့ရသည်ဟု မဲသွားပေးသူများကပြောသည်။

ယင်းမီးသတ်ဝန်ထမ်းက ဖုန်းပါမပါမေးမြန်း၍ ဖုန်းပါလာပါက ၎င်းထံအပ်ခဲ့ရန်ပြောသည်ဟု ၎င်းတို့ကဆိုသည်။

ယင်းနောက် ကွန်ပျူတာနှင့် မဲစာရင်းစစ်သူထံ အမည်၊ နေရပ် စသဖြင့် စစ်ဆေးခံရပြီး ယင်းအဆင့်တွင် အမည်မှားယွင်းသူများရှိသော်လည်း မဲထည့်၍ရခဲ့ကြောင်း မျက်မြင်တွေ့သူများကဆိုသည်။

မဲပုံးအနေဖြင့် အမျိုးသားလွှတ်တော်၊ ပြည့်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ဟူ၍ မဲသုံးကြိမ်ပေးရကြောင်းဆိုသည်။ ကရင်တိုင်းရင်းသားဖြစ်ပါက တိုင်းရင်းသားရေးရာအတွက် တစ်ကြိမ်ထပ်ပေးရကြောင်းဆိုသည်။

မဲများအားလုံး မဲပေးစက်ဖြင့်ပေးရကြောင်း မဲပေးခဲ့သူများကပြောသည်။

“မဲပေးစက်မှာက မီးအစိမ်းလေး လင်းလား၊ မလင်းလား။ ဆရာမ (မဲရုံဝန်ထမ်း) ကမေးတယ်။ လင်းရင် နှိပ်ချင်တာနှိပ်ပေါ့။ နှိပ်ပြီးရင်တစ်ခါထပ်မေးတယ်။ ကိုယ်နှိပ်တာနဲ့ စက်ကစာရွက်ကျတာမှန်လားမေးတယ်။ ကျွန်မနှိပ်တာတော့ နှိပ်တဲ့လူနဲ့စာရွက်ပေါ်ကလူမှန်တယ်” ဟု ပထမဆုံးအကြိမ် မဲပေးသည့် ထားဝယ်မြို့ခံအမျိုးသမီးကပြောသည်။

မဲရုံအချို့တွင် မဲပေးသည့် ဧရိယာ ငယ်သဖြင့် တစ်ဦး၏ ဆန္ဒမဲကို တစ်ဦးက မြင်တွေ့နိုင်သည့် အနေအထားလည်း ရှိနေကြောင်း ဆိုကြသည်။

“မဲရုံက ဟောခန်းမလိုနေရာမဟုတ်ဘဲ စာသင်ခန်းတစ်ခန်း ထဲဖြစ်နေတော့ အပြင်မှာတိုးရတုန်းက လူမတိုးဘဲနဲ့ စက်နဲ့မဲပေးတဲ့နေရာမှာ ဆယ်ယောက်စီလောက် လာတိုးနေကြတယ်။ အဲဆိုတော့ ကိုယ့်နောက်ကလူက ကိုယ်ဘာရွေးသွားသလဲမြင်နေရတယ်။ ကိုယ့်အရှေ့ကလူ ဘာရွေးလဲ ကိုယ်မြင်နေတယ်။ လျှို့ဝှက်မဲ နဲ့ မတူနေဘူး” ဟု အသက် ၂၆ နှစ်အရွယ် ထားဝယ်မြို့ခံ မဲပေးခဲ့သူ အမျိုးသားကပြောသည်။

မဲပေးပြီပါက သက်သေခံစာရွက်အပ်၍ မှင်တို့ရပြီး မဲပေးခြင်းပြီးဆုံးကြောင်းဆိုသည်။

ယခုရွေးကောက်ပွဲတွင် တို့ပေးသည့်မှင်သည် ယခင်ရွေးကောက်ပွဲတွင် တို့ပေးသည့်မှင်ကဲ့သို့ ဆေးမခိုင်ဘဲ အရက်ပြန်ဖြင့် ဖျက်ကြည့်ပါက ပျက်သွားကြောင်း လက်တွေ့ဖျက်ကြည့်ခဲ့သူတစ်ဦးကပြောသည်။

စစ်ကော်မရှင် သည် ထားဝယ်မြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာများကို ရွေးကောက်ပွဲ မတိုင်မီ ကတည်းက လမ်းတံတားများ ဖြတ်တောက်ထားပြီး ယနေ့ ရွေးကောက်ပွဲ နေ့တွင်လည်း သွားလာ၍ရသေးသည့် လမ်း၊တံတားများကို ထပ်မံ၍ ပိတ်ချထားသေးသည်။

ယင်းကြောင့် မြို့ဧရိယာနှင့် ရွေးကောက်ပွဲ ကျင်းပသည့် ကျေးရွာအုပ်စုများကို ပတ်ကွင်း၍ အင်အားအများအပြားဖြင့် လုံခြုံရေးယူကာကျင်းပနေရသည် ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲနေ့တွင် ထားဝယ်မြို့ တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ပတ်ဝန်းကျင်ရွာများတွင်လည်း စစ်အာဏာရှင်တပ်၏ လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရနေကြောင်း ဒေသခံများထံမှ သိရသည်။