စစ်ကောင်မရှင် ရွေးကောက်ပွဲကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ယနေ့(ဒီဇင်ဘာ ၂၈) နံနက်တွင် ပေါက်ကွဲသံများကြားရသော်လည်း လူထိခိုက်မှုမရှိဟု တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောသည်။
ယနေ့ နံနက် ၇ နာရီနှင့် ၉ နာရီကြားတွင် ထားဝယ်မြို့တွင် ပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ယင်းကိစ္စအား အတည်ပြုမေးမြန်းနိုင်ရန် တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးထံ Dawei Watch က ယနေ့နံနက် ၁၁ နာရီအချိန်က ဖုန်းဆက်မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဖုန်းဆက်လိုက်မေးရသလောက် အားလုံးသာသာယာယာပါပဲ။ မဲပေးတဲ့သူတွေ ဆက်ပေးနေဆဲပါ” ဟု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။
ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေဟု တိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
မြို့ခံအချို့၏ အဆိုအရလည်း ထားဝယ်အထက ၂ မဲရုံ၊ ကြက်စားပြင်မဲရုံတို့တွင် နံနက် ၁၀ နာရီကျော်အချိန် အထိ မဲပေးသူများရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲသံများ၊ ပစ်ခတ်သံများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။







