တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး လောင်းလုံးမြို့အနီး ပြင်းထိန်ရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြို့ပေါ်တွင် ရွေးကောက်ပွဲပြုလုပ်နေချိန် ပြင်းထိန်ရွာဘက်သို့ လက်နက်ကြီးဖြင့် ယနေ့နံနက် ၉ နာရီကျော်အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါလက်နက်ကြီးသည် ပြင်းထိန်အရှေ့ကျောင်း( ဘုန်းကြီးကျောင်း) ဝင်းထဲကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းပိုင်ကား ပျက်စီးသွားသည့်အပြင် ကျောင်းထိုင်ဆရာတော်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၆၀ မမ လက်နက်ကြီးလာကျတာ။ လက်နက်ကြီးကျည်စထိလို့ ဘုန်းကြီးကျောင်းကား ဆီတိုင်ကီပေါက်သွားတယ်။ မှန်တွေလည်းကြေမွကုန်တယ်။ ကားအနောက်ပိုင်းတစ်ပိုင်းလုံး ထိသွားတာ။ ဆရာတော်မှာကတော့ ခြေမျက်စိကို ကျည်စထိတယ်။ သိပ်တော့မများဘူး” ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
လက်နက်ကြီးမှာ ထားဝယ်မြို့မှ ပစ်ခတ်သည်လည်းဖြစ်နိုင်သလို လောင်းလုံးမြို့ထဲက ပစ်ခတ်သည်လည်းဖြစ်နိုင်ကြောင်း၊ ပစ်ခတ်သည့်နေရာကို တိတိကျကျမသိရကြောင်း စုံစမ်းသိရှိရသည်။







