ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖိအားပေးမှုများကြောင့် မြိတ်မြို့တွင် မဲပေးသူများ

December 28, 2025

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် မြိတ်မြို့ရှိ မဲရုံများတွင် မဲပေးသူများပြားပြီး တန်းစီစောင့်ဆိုင်းနေကြကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မြိတ်မြို့ရှိရပ်ကွက်အလိုက် မဲရုံများတွင် ယနေ့နံနက်စောစော ၅ နာရီခန့်မှစကာ ဆန္ဒမဲလာ‌ထည့်သူများ တန်းစီနေရာယူထားကြကြောင်း မြို့ခံအချို့က ဆိုသည်။

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲကိုမဖြစ်မနေထည့်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးကဲ့သို့ စစ်ကော်မရှင်ဘက်တော်သားများ၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ယင်းကဲ့သို့ မဲလာထည့်နေကြခြင်း ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

မြို့အတွင်း လမ်းများပေါ်တွင် စစ်ကားနှင့် ရဲကားများ ကင်းလှည့်နေသလို လမ်းဆုံလမ်းခွနေရာအချို့တွင် စစ်အာဏာရှင်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များချထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မဲရုံဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသည့် အင်္ကျီအပြာရောင်ဝတ်ဆင်ထားသည့် စစ်အာဏာရှင်ဘက်တော်သား အများအပြားနေရာယူထားကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“မဲရုံရှေ့မှာတော့ လူတွေတအား(အရမ်း)ပဲ။ မဲရုံပတ်ဝန်းကျင်မှာလည်း အင်္ကျီအပြာရောင်နဲ့ လက်နက်ကိုင်ထားတဲ့သူတွေရပ်နေကြတယ်။မဲလာပေးတဲ့ လူတွေတော့တအားပဲ။ မပေးကြတဲ့သူတွေလည်းရှိကြပါတယ်”ဟု ဈေးတန်းရပ်နေ မြို့ခံတစ်ဦးကပြောသည်။

မြိတ်မြို့၏ အဓိကလမ်းမကြီးများတွင် သွားလာလှုပ်ရှားသူများ ပုံမှန်အတိုင်းရှိနေကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး မြိတ်မြို့အပြင်ဘက်နေရာများတွင် ပေါက်ကွဲအသံများမကြာခဏကြားနေရပြီး စစ်အာဏာရှင်တပ်သားများနှင့်ပျူစောထီးများ လှည့်လည်ကင်းစောင့်ကြည့်မှုများရှိကြောင်း မြို့ခံအချို့က ပြောသည်။

“မနေ့က(၂၇ ရက်) ကျွဲကူး၊ကျောက်ဖျားဘက်က ပေါက်ကွဲသံတွေကြားရတယ်။ တချို့ကလည်း ကားတာယာပေါက်တာ ဘာညာပြောနေကြတယ်။အသံကတော်တော်ကျယ်တယ်”ဟု မြိတ်မြို့ခံနောက်တစ်ဦးက ပြောသည်။

မဲထည့်ရာတွင် လက်ကိုင်ဖုန်းကို မဲရုံပြင်ပ၌ ထားခဲ့ရကြောင်း မဲပေးခဲ့ပြီးသူ အချို့ထံမှ သိရသည်။