ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် ပေါက်ကွဲသံ၊ ပစ်ခတ်သံများ ထွက်ပေါ်

December 28, 2025

စစ်ကော်မရှင်က ရွေးကောက်ပွဲ​ကျင်းပနေသည့် ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံနှင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း မြို့ခံအချို့ကပြောသည်။

ယနေ့ နံနက် ၇ နာရီကျော်အချိန်တွင် ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသံသုံးချက်ကြားရပြီး နံနက် ၈ နာရီကျော်အချိန်တွင် နှစ်ချက်ကြားရကြောင်း မြို့ခံအချို့ကပြောသည်။

ယင်းအပြင် နံနက် ၉ နာရီကျော်အချိန်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံစွာ ထွက်ပေါ်နေကြောင်းဆိုသည်။

ထားဝယ်မြို့ တိုင်းအစိုးရအဖွဲ့ရုံးအနီးရှိ မြန်မာ့ဆက်သွယ်ရေးရုံး၊ ထားဝယ်ကမ်းနားလမ်း၊ ထားဝယ်− မောင်းမကန်သွားလမ်း (ထားဝယ်မြို့အနီး) စစ်အာဏာရှင် ၁၀၄ တပ်ရင်းအနီးတို့တွင် ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဆက်သွယ်ရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် Dawei Watch အနေဖြင့် အသေးစိတ်ကို မေးမြန်းအတည်ပြုနိုင်ရေး ကြိုးစားနေဆဲဖြစ်ပါသည်။

ထိုသို့ ပေါက်ကွဲ၊ ပစ်ခတ်သံများ ထွက်ပေါ်နေသော်လည်း မြို့ပေါ်တွင်မူ မဲပေးမှုများ ဆက်ရှိနေကြသည်ဟု ဒေသခံများကဆိုသည်။

“ပေါက်ကွဲသံတွေ ထွက်လာပြီးလည်း မြို့ထဲမှာတော့ ပုံမှန်အတိုင်းပဲ မဲပေးဖို့သွားနေကြတယ်။ မဲရုံတွေမှာလည်း အရင် NLD ခေတ်တုန်းကလို လူတွေ တိုးကြိတ်နေတာမဟုတ်ပေမယ့် ရှိသင့်သလောက်တော့ရှိတယ်။ တန်းစီနေကြတယ်” ဟု မြို့ခံတစ်ဦးက နံနက် ၈ နာရီကျော်အချိန်က ပြောဆိုသည်။

စစ်အာဏာရှင်တပ်ကမူ ထားဝယ်မြို့ တိုင်းရဲတပ်ဖွဲ့ရုံရှေ့တွေ ကားများတန်းစီကာ အရေးပေါ်အခြေအနေအနေအတွက် အဆင့်သင့်အနေထားရှိနေသည်ကို တွေ့ရပြီး တောင်ခွလမ်းဆုံတွင်လည်း စစ်အာဏာရှင်တပ်သား အများအပြား ချထားကြောင်းလည်းသိရသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ယနေ့နံနက်တွင် တနင်္သာရီတိုင်း ၄ မြို့နယ်၌ ကျင်းပနေပြီး ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ပါဝင်သည်။

နောက်ဆုံးရ အခြေအနေများကို Dawei Watch က ဆက်လက်စုံစမ်း ဖော်ပြသွားပါမည်။