စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူသွားလူလာနည်းပါးနေသည်။
ထားဝယ်မြို့ အဓိကလမ်းမကြီးများသာမက လမ်းသွယ်များ၊ စျေးများတွင်ပါ ထူးထူးခြားခြား လူသွား၊ လူလာနည်းပါးနေ နေကြောင်း မြို့ခံအချို့က ပြောသည်။
ပုံမှန်အားဖြင့် မနက်စောစောတွင် စည်ကားနေလေ့ရှိသည့် ဈေးအချို့လည်း ယနေ့တွင် ရောင်းသူ၊ဝယ်သူ မရှိဘဲ တိတ်ဆိပ်ခြောက်ကပ်နေကြောင်း မြို့ခံအချို့က ပြောသည်။
“နေ့တိုင်းလူတွေ ဒီလောက်ရှုပ်တာ ဒီနေ့ လမ်းပေါ်မှာရော၊ ဈေးမှာရော လူတစ်ယောက်မှကိုမရှိဘူး။ တစ္ဆေခြောက်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက နံနက် ၇ နာရီအချိန်က ပြောဆိုသည်။
သို့သော် ရပ်ကွက်အချို့တွင်မူ ပုံမှန်အတိုင်း သွားလာ၊ ရောင်းဝယ်နေကြသည်များလည်းရှိကြောင်း အခြားမြို့ခံတို့က ပြောသည်။
“ရပ်ကွက်တစ်ခုနဲ့တစ်ခုမတူဘူး။ တစ်နေ့လုပ် တစ်နေ့စားများတဲ့ ရပ်ကွက်တွေမှာတော့ ပုံမှန်အတိုင်း အလုပ်သွား၊ ဈေးသွား နေတာတွေရှိတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။
နယ်ကျေးရွာများမှ ထားဝယ်မြို့ပေါ်သို့တက်သူများလည်း ယနေ့ လုံးဝနီးပါး မရှိဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့အဝင် ကမြောကင်းတံတားကို ဖြတ်သန်းခွင့်ပိတ်ထားခြင်းကြောင့် ကျေးရွာများမှ ဒေသခံများ မြို့ပေါ်တက်မရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲမတိုင်ခင် နေ့ကတည်းက မဲပေးသူများမှလွဲပြီး ကျန်သူများ အိမ်ပြင် မထွက်ရဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်။
ရွေးကောက်ပွဲ မဲထည့်ရမည့် စုရပ်များတွင်မူ မဲပေးရန်လာရောက်သူများ အတော်အတန်ရှိသည်ကို တွေ့ရကြောင်း၊ မဲရုံအပြင်တွင် ရပ်ထားသော ဆိုင်ကယ်အများအပြားတွေ့ရသည်ဟုလည်း ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။
ပထမဆုံးမဲပေးခဲ့သည့် ထားဝယ်မြို့ခံတစ်ဦးကမူ ” မဲရုံစဝင်တာနဲ့ ဖုန်းအပ်ရတယ်။ မဲပေးပြီးမှ ဖုန်းပြန်ရတယ်။ လာပေးနေတဲ့သူတော့ရှိနေတာပဲ။ ပထမဆုံးပေးရတာဆိုတော့ ကြောက်ကြောက်နဲ့ ပေးခဲ့ရတယ်။ ပြီးတော့ စာရွက် (မဲဆန္ဒရှင်သက်သေခံလက်မှတ်) ရှိလားမေးတယ် ။ စာရွက်မရှိရင် မပေးရဘူးပြောတယ်။ ပြီးတာနဲ့ ချက်ချင်း လုပ်ပေးပြီး(မဲပေးနိုင်ရန်) ထည့်ခိုင်းတယ်။ မဲရုံမှာ လုပ်နေကြတာတော့ ကိုယ့်ဆရာမတွေချည်းပဲ၊ တို့တဲ့မှင်ကလည်း အရက်ပြန်နဲ့ဖျက်ကြည့်တာ ချက်ချင်းပျက်သွားတယ်” ဟု ဆိုသည်။
စက်ခလုပ်နှိပ်၍မဲပေးခဲ့ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် မဲပေးခဲ့ရဟု၎င်းကဆိုသည်။
လုံခြုံရေးအခြေအနေမှာ မြို့ထဲရှိ လမ်းဆုံ၊ လမ်းခွများတွင် လုံခြုံရေး အထူးတလည် ချထားသည်ကို မတွေ့ရကြောင်းဆိုသည်။
မဲရုံအနီးအပြင်စည်းတွင်မူ ပြည်သူ့စစ်ယူနီဖောင်းဝတ်ထားသူများနှင့် စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်ဖြင့် နေရာယူထားပြီး အတွင်းစည်းတွင် ရဲတပ်ဖွဲ့က နေရာယူထားသည်ကို တွေ့ရသည်ဟုဆိုသည်။
မဲရုံထဲတွင်မူ ရဲတပ်ဖွဲ့နှင့် ယူနီဖောင်းဆင်တူသည့် ရွေးကောက်ပွဲလုံခြုံရေးအဖွဲ့ဝင်ဟု ယူဆရသူတစ်ဦးတွေ့ရကြောင်း မြို့ခံအချို့က ပြောဆိုသည်။
ယနေ့နံနက်ပိုင်း ထားဝယ်မြို့ပေါ်တွင် ပေါက်ကွဲသံများ ကြားရပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမည်။







