ရက် ၂၀ နီးပါးပိတ်ထားသော သရက်ချောင်းမြို့နယ်မှ ပလောက်အထိ ထားဝယ်-မြိတ်ကားလမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ကြောင်း ယနေ့(နိုဝင်ဘာ ၂၈)နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) က ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ရေးလိုအပ်ချက်အရ KNLA တပ်ဘက်က နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၈ ရက်မနက်အထိ သရက်ချောင်းနှင့် ပလောက်လမ်းပိုင်းကို ရက် ၂၀ နီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယင်းလမ်းပိုင်းတစ်လျှောက်တွင် ရာနှင့်ချီသည့် ကုန်တင်ကား၊ ခရီးသည်တင်ကားများနှင့် ခရီးသည်များ ပိတ်မိနေပြီး ပိတ်ထားသည့် ကာလအတွင်း အချိန်အကန့်အသတ်ဖြင့် ကားများကို ဖြတ်သန်းခွင့်ပြုခြင်းလည်းရှိခဲ့သည်။
“ဒီနေ့ မိုးလင်းပိုင်းမှာ ကားတွေဖြတ်သန်းသွားလာနေတာ တွေ့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လမ်းပိတ်ထားသည့်အတွက် ကုန်ပစ္စည်း ဆုံးရှုံးမှုများရှိသလို ခက်ခက်ခဲခဲ လမ်းပေါ်တွင် နေထိုင်ခဲ့ရကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားများက ဆိုသည်။
“ကုန်တွေဆိုလည်းပုပ်ကုန်တယ်၊ တချို့လည်း စရိတ်ပြတ်ပြီး ထမင်းငတ်တာတွေတောင်ရှိတယ်၊ ကျွန်တော်တို့ ရော်ဘာချေး ကားတွေဆို ရော်ဘာချေးအရည်တွေ ခြောက်ကုန်တယ်၊ ဖရဲသီးကားတွေ၊ ကော်ဖီထုတ်ကားတွေဆို ပုပ်ဆော်နံလို့ ရွာအပြင်ဘက်မှာ ရပ်ထားရတယ်” ဟု ကုန်ကားနောက်လိုက် အမျိုးသားတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၁ ရက်ကစပြီး သရက်ချောင်းမှ ဘုတ်တောင်အထိ ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် ထားဝယ်-မြိတ်ကားလမ်း ရက်ရှည်ကြာ ပိတ်ဆို့ထားသဖြင့် ခရီးသွားများ စားဝတ်နေရေး အခက်အခဲကြုံခဲ့ရပြီး ယင်းလမ်းပိုင်းတစ်လျှောက်နေထိုင်သည့် စစ်ဘေးရှောင်များကပင် ခရီးသည်များကို ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းပေးနေရသည်ဟု ဒေသခံများက ပြောသည်။
ပုလောမြို့နယ်နှင့် ပလမြို့အနီးတွင်လည်း ထားဝယ်-မြိတ်သွားကားလမ်း လမ်းကြောင်းပြတ်တောက် ပိတ်ဆို့မှုများဖြစ်ပေါ်နေသည်။
ကားလမ်းပိတ်ဆို့မှုကြောင့် ကုန်စည်ပြတ်လပ်မှု၊ လေယာဉ်လက်မှတ်ဈေးမြင့်တက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်စည်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ခရီးသည်များနှင့် ကုန်ပစ္စည်းတင်ပို့သူများမှာ စရိတ်ပိုကြီးသည့ စပိဘုတ်ဖြင့် ရေလမ်းကိုသာ အသုံးပြုနေရကြောင်း ခရီးသွားများနှင့် ဒေသခံများက ပြောသည်။







