BREAKING
November 27, 2025

ထိုင်းအာဏာပိုင်များက အချိန်သတ်မှတ်ကာ နောက်ဆုံးထားပြန်ခိုင်းသဖြင့် မောတောင် စစ်ရှောင်များ နေရပ်ပြန်လာရ

November 28, 2025

ပုံစာ - စစ်ရှောင်များနေရပ်ပြန်ပြီးချိန်တွင် သန့်ရှင်းရေးလုပ်နေသည့်မြင်ကွင်း

ထိုင်းနိုင်ငံဘက်ခြမ်းတွင် တိမ်းရှောင်နေကြသည့် မောတောင်ဒေသခံ စစ်ဘေးရှောင်များကို နိုဝင်ဘာလ ၂၆ရက် ညနေ ၅နာရီ နောက်ဆုံးထားပြီး ထိုင်းအာဏာပိုင်းများက နေရပ်ပြန်ခိုင်းသဖြင့် မြန်မာဘက်ခြမ်းသို့ ပြန်လာရကြောင်း စစ်ဘေးရှောင် များက ပြောသည်။

နယ်ခြားဂိတ်ဖြစ်သည့် အလယ်ဂိတ်တွင် တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ၁၈၀၀ ကျော်ကို ထိုင်းအဏာပိုင်များက နိုဝင်ဘာလ ၂၄ ရက်မှ စတင်ကာ နေရပ်ပြန်ခိုင်းခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်တွင် နောက်ဆုံးထား ပြန်ခိုင်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

စတင် ပြန်ခိုင်းသည့် နိုင်ဘာလ ၂၄ ရက်မှစတင်၍ စစ်ဘေးရှောင်ရာနှင့်ချီ မြန်မာဘက်ခြမ်းသို့ စတင်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာလ ၂၇ရက်တွင် စစ်ဘေးရှောင် အားလုံးပြန်လာကြရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

“သူတို့က ပြောင်းခိုင်းနေတော့ ပြောင်းမှရမယ်။ အိမ်ကို ပြန်ဝင်သွားလည်း အိမ်တွေ ဖောက်ခံထားရတော့ ဘာမှ မရှိတော့ဘူး။ အခုယူလာတဲ့ ပစ္စည်းတွေပဲ ကျန်‌တော့တယ်။ လက်ထဲ‌ငွေရှိရင်‌တောင် ကုန်ခြောက်တွေ ဝယ်ဖို့နေရာတောင် မရှိတော့ဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

နေရပ်ပြန်ဝင်လာသည့် စစ်ဘေးရှောင်များတွင် နေအိမ်သို့ ပြန်သွားသူများရှိပြီး ဥယျာဥ်ခြံများသို့ ပြောင်းရွှေ့ နေထိုင်သူများလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်အများအပြားမှာ လေကြောင်းအန္တရာယ်ကို စိုးရိမ်ကြောက်လန့်သဖြင့် နေအိမ်သို့ မပြန်ရဲသလို ကုန်စုံဆိုင်များ တွင်လည်း စားသောက်ကုန်များ မရှိသဖြင့် စားနပ်ရိက္ခာများအတွက်လည်း စိုးရိမ်ကြကြောင်း ၎င်းက ပြောဆိုသည်။

“မနေ့က နောက်ဆုံးပြောင်းခိုင်းပေမယ့် ဒီနေ့မှ အကုန်ပြန်ဝင်သွားကြတယ်။ (ထိုင်းအာဏာပိုင်တွေက စစ်ဘေးရှောင်တွေ ဆီကို) မနေ့ကတည်းက ထမင်းထုပ်တွေ ပို့ခွင့်မပေးတော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

မောတောင်မြို့သိမ်းတိုက်ပွဲတွင် ဒေသခံ ၁၈၀၀ ကျော် နယ်ခြားဂိတ်ဖြစ်သည့် အလယ်ဂိတ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး နောက်ထပ် ဒေသခံ ရှစ်ရာကျော်မှာ ဥယျာဉ်ခြံများနှင့် တောထဲတွင် တိမ်းရှောင်ခဲ့ရသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် မောတောင်လမ်းတွင် စစ်အာဏာရှင်တပ်က စစ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည်။