BREAKING
October 28, 2025

ရာသီဥတုပစ်မှတ် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မကျော်အောင် မတားနိုင်သဖြင့် ကမ္ဘာကြီးပိုပူလာမည်

October 28, 2025

ပုံစာ - ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကရိဘာတိကျွန်းနိုင်ငံမှ ရေလွှမ်းမိုးခံရသည့် ကျေးရွာတစ်ရွာ၏ မြင်ကွင်း။ ဓာတ်ပုံ - Jonas Gratzer/LightRocket/Getty Images

ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မကျော်လွန်အောင် ကန့်သတ်နိုင်ခြင်း မရှိသောကြောင့် လူသားထုသည် ချက်ချင်းဦးတည်ရာလမ်းကြောင်း ပြောင်းရတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က သတိပေးပြောကြားလိုက်သည်။

နောက်လတွင် ကျင်းပမည့် Cop30 ရာသီဥတုထိပ်သီးညီလာခံ မတိုင်မီ ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါရီရာသီဥတုသဘောတူညီချက်၏ ရည်မှန်းချက်ဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်ပြီး ကမ္ဘာကြီး ပိုမိုပူနွေးလာတော့မည်ကို လူသားထုအနေဖြင့် ‘ရှောင်လွှဲမရနိုင်တော့ကြောင်း’ ၎င်းက ဝန်ခံခဲ့သည်။

“လာမယ့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် မကျော်လွန်အောင် ရှောင်ရှားဖို့ အရေးမှာ ကျွန်တော်တို့ အရေးနိမ့်ခဲ့တယ်။ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားမှုဟာ အဖျက်စွမ်းအားကြီးလွန်းတဲ့ အကျိုးဆက်တွေရှိပါတယ်” ဟု အန်တိုနီဂူတာရက်စ်က The Guardian သတင်းစာကို ပြောကြားခဲ့သည်။

ယင်းအတွက် ကမ္ဘာကြီးအနေဖြင့် အင်မတန် အဖျက်စွမ်းအားကြီးသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“အဲဒီအကျိုးဆက်တွေထဲကအချို့ဟာ အမေဇုန်မှာပဲဖြစ်စေ၊ ဂရင်းလန်းမှာပဲဖြစ်စေ၊ အန္တာတိကတိုက် အနောက်ပိုင်းမှာပဲ ဖြစ်စေ၊ သန္တာကျောက်တန်းတွေမှာပဲဖြစ်စေ ပြန်ပြင်ဆင်လို့မရနိုင်တော့တဲ့ အလှည့်အပြောင်းတွေဖြစ်လာမှာပါ” ဟုက ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့အပူချိန် မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် မကျော်လွန်အောင် တားဆီးရန် ပျက်ကွက်ခဲ့မှုကို ဝန်ခံကြရမည်ဖြစ်ကြောင်း အန်တိုနီဂူတာရက်စ်က ပြောဆိုသည်။

Source: The Guardian