BREAKING
October 28, 2025

ထိုင်း နာမည်ကြီးရှူဆေးဘူးတွင် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေ

October 28, 2025

ထိုင်းနိုင်ငံအတွင်း လူသုံးများသော နာမည်ကြီး အစိမ်းရောင်ရှူဆေးဘူးတစ်မျိုး(ဟွန်ထိုင်း)သည် ဘက်တီးရီးယားနှင့် မှိုများ သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေပြီး သတ်မှတ်စံချိန်မပြည့်မီသဖြင့် သုံးစွဲမှု ရပ်တန့်ကြရန် ထိုင်း FDA က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ယခုစံချိန်စံညွှန်းနှင့် မညီသော ရှူဆေးဘူးမှာ ဖော်မြူလာ ၂ အမျိုးအစား Herbal Mixed Balm Thai Eagle Brand ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့ ချာတူးချက်ဈေးက ဝယ်ယူထားသော ဟွန်ထိုင်းရှူဆေးဘူးကို အကြိမ်ကြိမ်စစ်ဆေးပြီးနောက် သတ်မှတ်စံချိန်စံညွှန်းများနှင့် မညီကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်သူများ သတိပြုကြရန် FDA သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဓါတ်ခွဲခန်းထဲ စစ်ဆေးမှုများအရ ရှူဆေးဘူးတွင် သတ်မှတ်ပမာဏထက် ပိုလွန်နေသော ဘက်တီးရီးယားအရေအတွက်၊ တဆေးနှင့် မှိုများအရေအတွက်နှင့် Clostridium အမျိုးအစား ဘက်တီးရီးယားကိုလည်း တွေ့ရှိရကြောင်း ဖော်ပြသည်။

Clostridium အမျိုးအစား ဘက်တီးရီးယားသည် လူကို ဝမ်းလျှောခြင်းနှင့် အခြားဆိုးကျိုးများကဲ့သို့ အခြေအနေများကို ဖြစ်စေနိုင်ကြောင်း ဆေးဝါးကျွမ်းကျင်အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ဆေးဝါးပစ္စည်းထုတ်လုပ်မှုဥပဒေအရ ယခုရှူဆေးဘူးကို သတ်မှတ်စံချိန်စံညွှန်းနှင့် မညီဟု တရားဝင် ယူဆကြောင်း ဖော်ပြထားသည်။

သတ်မှတ်စံချိန်မမီသော ရှူဆေးဘူးကို ဆက်တိုက်သုံးစွဲနေသော ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးအရ ဆိုးကျိုးများ ရှိလာနိုင်သဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း FDA က သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သုံးစွဲမှု ချက်ချင်းရပ်တန့်ရန် FDA က သတိပေးသည်။

ယခုရှူဆေးဘူးကို ထုတ်လုပ်သော သက်ဆိုင်သူများကိုလည်း ဆေးဝါးဥပဒေများအရ တရားစွဲသွားမည်ဖြစ်ပြီး ထောင်ဒဏ် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၃ သိန်းအထိ ပေးဆောင်ရနိုင်ကြောင်း ဖော်ပြသည်။

နောက်ထပ် ဆေးဘူးများကို ရောင်းချထားသဖြင့် ထပ်တိုးပြစ်ဒဏ်များကိုလည်း ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: The Thaiger, Matichon Online