တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါပစ်ခတ်ခဲ့၍ ဒေသခံတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လေးမိုင်ရွာကို ခြေလျင်စစ်ကြောင်းထိုးဝင်လာရာက တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ ပစ်ခတ်ရာ ဗုံးစထိမှန်ပြီး ဒေသခံတစ်ဦး သေဆုံးသွားကြောင်း ၎င်းကပြောသည်။
“ကရင်လူမျိုးတစ်ယောက် သေသွားတယ်။ အနီးကပ်ဖြစ်နေလို့ အလောင်းသွားကောက်လို့ မရသေးဘူး”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။
ဗုံးစထိမှန်သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၃၀ နှစ်အရွယ်ရှိပြီး ဒူးကြိုးလေးမိုင်ရွာသားဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုများလာသဖြင့် လေကြောင်းပစ်ကူ ခေါ်ယူခြင်းဖြစ်ကြောင်း တိုက်ပွဲအတွင်းပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တိုက်ပွဲက အနီးကပ်ဖြစ်ကြတယ် မြင်နေရတယ်။ လမ်းမပေါ် သုံးယောက်လဲနေတာတွေ့ရတယ်။ ဒီကောင်တွေသေကြတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။
တော်လှန်ရေးတပ်ဘက်ကလည်း တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာအနည်းငယ်ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ညတွင် ဇဝဲအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက တပ်သားအချို့ က ဇဝဲဘုန်းကြီးကျောင်းတွင် သံဃာများ လာရောက်ပင့်ဆောင်သွားကြောင်း ဇဝဲဒေသခံများထံမှ သိရသည်။







