ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိသည့် နဘုလယ်ဒေသသို့ စစ်ကြောင်းထိုးရောက်ရှိနေသော စစ်အာဏာရှင်တပ်သည် ဒေသခံအချို့ကို ဖမ်းဆီးငွေညှစ်ကြောင်း နဘုလယ်ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ်သည် အင်အားအများအပြားဖြင့် အောက်တိုဘာလ ပထမပတ်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် အတွင်း ရောက်ရှိလာပြီးနောက် နဘုလယ်ဒေသတစ်ခွင် စစ်ကြောင်းထိုးနေကြောင်း ၎င်းဒေသခံများက ပြောသည်။
အောက်တိုဘာလ ၂၄ ရက်က နဘုလယ်ဒေသမှ ရေဖြူမြို့ဘက်သို့ လာသည့် ပရဒတ်ရွာသားနှစ်ဦးနှင့် ထိန်ကြီးရွာသား တစ်ဦးတို့ကို လမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်ကာ သုံးရက်အကြာ အောက်တိုဘာလ ၂၇ရက်တွင် တစ်ဦးလျှင် ၂၅ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လူက ပြန်လွတ်လာပေမယ့် သုံးယောက်စလုံးမှာ ဒဏ်ရာတွေနဲ့။ ဆိုင်ကယ်နဲ့ ဖုန်းကတော့ (စစ်အာဏာရှင်တပ်) သူတို့လက်ထဲ ကျန်သေးတယ်”ဟု ၎င်းက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည် ထားဝယ် ရေနက်ဆိပ်ကမ်းလမ်း လေးခွဆုံနေရာတွင် ဒေသခံခရီးသွားများအပေါ် မကြာခဏ စစ်ဆေးဖမ်းဆီးလျက်ရှိကြောင်း နဘုလယ်ဒေသခံများက ပြောသည်။
ယခုလ တတိယပတ်အတွင်းကလည်း အဆိုပါလမ်းလေးဆုံနေရာတွင်ပင် ကားဖြင့်လာသည့် နဘုလယ်ဒေသခံ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ငွေကြေးရယူကာ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“တစ်ယောက်ကို ၁၀ သိန်းနှုန်းနဲ့ ပြန်သွားထုတ်လာရတယ်။ ကျွန်တော်တို့ လုပ်ထားတဲ့ လယ်တွေထဲတောင် သွားရမှာ ကြောက်နေရတယ်။ သူတို့က အဲဒီလမ်းဆုံတစ်ဝိုက်မှာ ကင်းပုန်းဝပ်ဝပ်ပြီး စောင့်ဖမ်းနေတော့လေ” ဟု ၎င်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် စီးပွားရေးဇုန်အတွင်းရှိသည့် ကျေးရွာများကို အောက်တိုဘာလ ပထပတ်မှစ၍ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးသွားလာလျက်ရှိရာ အောက်တိုဘာလ ၁၈ ရက်တွင် တော်လှန်ရေးတပ်တို့နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ထိုစစ်ကြောင်းသည့် အောက်တိုဘာလ ၂၇ ရက်ကစပြီး ယနေ့အထိ နဘုလယ်ဒေသ ထိန်ကြီးကျေးရွာနှင့် မယင်းကြီးကျေးရွာရှိ နေအိမ်များတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။







